တောင်ကိုရီးယားသမ္မတဟောင်းကို

October 6, 2018

တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်ကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်

တောင်ကိုရီးယား သမ္မတဟောင်း လီမြောင်ဘတ်ကို အကျင့်ပျက်ခြစားမှုနဲ့ ဆိုးလ်မြို့တရားရုံးက အောက်တိုဘာ ၅ ရက်မှာ  ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ပါတယ်။ သမ္မတဟောင်း လီမြောင်ဘတ်ဟာ ဆမ်ဆောင်းနဲ့ သူရဲ့ ကိုယ်ပိုင်ထောက်လှမ်းရေး အဖွဲ့လို အသင်းအဖွဲ့တွေဆီကနေ တရားမ၀င်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင် လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ အမှုရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ညီဖြစ်သူ ဦးစီးတဲ့  မော်တော်ကားအစိတ်ပိုင်း ကုမ္ပဏီကနေ ၀မ်ငွေ ၂၄.၆ ဘီလီယံ ကျော် အလွဲသုံးစားမှုနဲ့ ဆမ်ဆောင်းနဲ့ တခြားကုမ္ပဏီတွေဆီကနေ လာဘ်ငွေ လက်ခံခဲ့မှုအတွက် သမ္မတဟောင်း လီကို အပြစ်ရှိကြောင်း ဆိုးလ်ဗဟိုခရိုင် တရားရုံးကဆုံးဖြတ်ခဲ့တာပါ။ တရားရုံးက လီကို ထောင်ဒဏ်၁၅ နှစ်ပြစ်ဒဏ်အပြင် ဒဏ်ကြေး ၀မ် ၁၃ ဘီလီယံကို လည်း ချမှတ်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ တောင်ကိုရီးယားသမ္မတ အဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ် အကြား တာဝန်ထမ်းဆောင်ခဲ့တဲ့ လီမြောက်ဘတ်ဟာ စတုတ္ထမြောက် ထောင်ဒဏ် ချမှတ်ခံရတဲ့ တောင်ကိုရီးယား သမ္မတဟောင်း ဖြစ်ပါတယ်။
3 years Ago

March 27, 2017

တောင်ကိုရီးယားသမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်မည်ဟု အစိုးရရှေ့နေများ ပြော

တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂွန်ဟေးကို အဂတိလိုက်စားမှုမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဝရမ်းထုတ်မယ်လို့ အစိုးရရှေ့နေတွေက ဒီနေ့ ပြောဆိုပါတယ်။ အခုလအစောပိုင်းက သမ္မတအပေါ် လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို အခြေခံဥပဒေခုံရုံးက အတည်ပြုပေးခဲ့အပြီး သမ္မတဟောင်း ပတ်ဂွန်ဟေးလည်း ရာထူးက ဖယ်ရှားခံခဲ့ရပါတယ်။ ပတ်ဂွန်ဟေးဟာ သူ့ရဲ့အရင်းနှီးဆုံး အမျိုးသမီးမိတ်ဆွေကတဆင့် တောင်ကိုရီးယား ကုမ္ပဏီကြီးတွေဆီက လာဘ်စားခဲ့တယ်လို့ စွပ်စွဲခံရပေမယ့် သူကတော့ ငြင်းဆန်ပါတယ်။ ပြီးခဲ့တဲ့တပတ်က ပတ်ဂွန်ဟေးကို အဂတိလိုက်စားမှုနဲ့ ၁၄ နာရီကြာ စစ်ဆေးကြားနာမှု မဝင်ခင် သူ လူထုရဲ့ လိုလားချက်၊ မျှော်လင့်ချက်တွေကို အပြည့်အဝ မထမ်းဆောင်နိုင်ခဲ့တာအတွက် တောင်းပန်ခဲ့ပါတယ်။ အစိုးရရှေ့နေတွေက သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ဖို့ ဥပဒေကြောင်းအရ အားလုံး ကိုက်ညီမှုရှိတယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ပြောဆိုပါတယ်။ အခုတော့ သမ္မတဟောင်းရဲ့ ရင်းနှီးတဲ့ အမျိုးသမီးမိတ်ဆွေရော၊ အဲ့ဒီသမ္မတမိတ်ဆွေကို လာဘ်ပေးခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဆမ်းဆောင် Sumsung အီလက်ထရောနစ်ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌရော ဖမ်းဆီးစစ်ဆေးခံနေရပြီ ဖြစ်ပါတယ်။ သမ္မတဟောင်း ပတ်ဂွန်ဟေးရဲ့လုပ်ရပ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှုကို အကြီးအကျယ်ထိခိုက်ပျက်စီးစေခဲ့တယ်လို့ အခုလ ၁၀ ရက်နေ့က အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့တာပါ။
5 years Ago
Up