တောင်ကိုရီးယားသမ္မတ

March 13, 2018

တောင်ကိုရီးယားသမ္မတ၏ အမျိုးသားလုံခြုံရေးအကြံပေးနှင့် တရုတ်သမ္မတ တွေ့ဆုံ

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ကိုရီးယားကျွန်းဆွယ်အရေးအတွက် တောင်ကိုရီးယား သမ္မတရဲ့ အမျိုးသားလုံခြုံရေးအကြံပေး ချောင်အူယုံကို ဘေကျင်းမြို့မှာ မတ်လ ၁၃ ရက်နေ့က လက်ခံတွေ့ဆုံခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့ဆီ မကြာသေးခင်တုန်းက အလည်အပတ် ခရီးစဉ်ကို အကျဉ်းချုံးတင်ပြဖို့ ချောင်ကို အထူးသံတမန်အဖြစ် စေလွှတ်တဲ့အတွက် တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းကို ကျေးဇူးတင်ကြောင်း သမ္မတ ရှီက ပြောပါတယ်။ မြောက်ကိုရီးယား-တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲ အောင်မြင်ဖို့ မျှော်လင့်တယ်လို့လည်း သမ္မတက ပြောပါတယ်။ ဒီဆွေးနွေးပွဲကတဆင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး တိုးတက်မှုရှိပြီး သက်ဆိုင်ရာ နိုင်ငံတွေကြား ဆက်ဆံရေး ပုံမှန်အတိုင်း ပြန်လည်ထူထောင်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း သမ္မတ ရှီက ပြောပါတယ်။ ချောင်ကတော့ ကိုရီးယားကျွန်းဆွယ်မှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့ ကူညီနေတဲ့ တရုတ်နိုင်ငံရဲ့ အရေးပါမှုကို ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် တောင်ကိုရီးယားဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ လက်ရှိ အရှိန်အဟုန်ကို ထိန်းထားနိုင်ဖို့ တရုတ်နိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိလိုတဲ့အကြောင်း ချောင်က ပြောထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

June 29, 2017

မြောက်ကိုရီးယား နျူကလီးယားပြဿနာ ဖြေရှင်းရန် သန္နိဋ္ဌာန်ချထားဟု တောင်ကိုရီးယားသမ္မတ ပြော

မြောက်ကိုရီးယားရဲ့ နျူကလီးယားပြဿနာကို ဖြေရှင်းဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်က ဇွန်လ ၂၈ ရက်နေ့မှာ အမေရိကန် ကုန်သည်ကြီးများအသင်းနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။ အမေရိကန်အနေနဲ့ တောင်ကိုရီးယားမှာ စိုးရိမ်မှု တစုံတရာမရှိဘဲ ရင်းနှီးမြှုပ်နှံနိုင်တယ်၊ နောင်အနာဂတ် တချိန်ကျရင် မြောက်ကိုရီးယားမှာလည်း ရင်းနှီးမြှုပ်နှံပါလို့ ဆိုပါတယ်။ ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက် အိမ်ဖြူတော်မှာပြုလုပ်မယ့် အစည်းအဝေးတွေမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကုန်သွယ်ရေး မညီမျှမှုတွေကို ဖြေရှင်းဖို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်ကို တိုက်တွန်းမှာဖြစ်တယ်လို့ အိမ်ဖြူတော် အရာရှိတဦးက ဆိုပါတယ်။ သမ္မတ မွန်းကတော့ အမေရိကန် ကုန်သည်ကြီးများနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးမှာ နှစ်နိုင်ငံ စုစုပေါင်း ကုန်သွယ်ရေးပမာဏ တိုးတက်ဖို့ကိုပဲ အလေးထား ပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
More News
Up