တောင်ကိုရီးယားတွင် မားစ်ရောဂါသည် တဦးထပ်တိုး

July 3, 2015

တောင်ကိုရီးယားတွင် မားစ်ရောဂါကူးစက်သူ တဦးထပ်တိုး

တောင်ကိုရီးယားနိုင်ငံမှာ မားစ်ရောဂါ ကူးစက်သူ  ၄ ရက်ဆက်တိုက် ထပ်မတိုးဘဲ ရပ်တန့်နေရာက ၅ ရက်မြောက်ဖြစ်တဲ့ ဇူလိုင် ၂ ရက်နေ့မှာ လူနာတယောက် ထပ်တိုးတဲ့အတွက် မားစ်ရောဂါ လူနာ ၁၈၃ ဦး ဖြစ်သွားပါတယ်။ ဒါပေမ့ယ် သေဆုံးသူဦးရေကတော့ ၃၃ ဦးကနေ ထပ်မတိုးဘူးလို့ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန ညွှန်ကြားရေးမှူးက နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ကုသမှုခံယူနေတဲ့ လူနာ ၃၆ ဦးရဲ့ အခြေအနေက တည်ငြိမ်နေပေမယ့် ၁၂ ဦးရဲ့ အခြေအနေကတော့ မတည်ငြိမ်ဘူးလို့ ပြောပါတယ်။ ဇူလိုင် ၂ ရက်နေ့အထိ ကုသမှု ခံယူနေတဲ့ လူနာ ၄၈ ဦးရှိပြီး ၁၀၂ ဦးကတော့ ဆေးရုံပေါ်က ဆင်းသွားပြီလို့ ပြောပါတယ်။ အခု နောက်ဆုံးလူနာကတော့ အသက် ၂၄ နှစ်အရွယ် သူနာပြုဖြစ်ပြီး ဆမ်ဆောင်းဆေးရုံမှာ ရောဂါသံသယရှိသူတွေကို စောင့်ရှောက်ပေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆမ်ဆောင်းဆေးရုံမှာ အရင်ကလည်း ဆေးရုံဝန်ထမ်းတဦး မားစ်ရောဂါ ကူးစက်ခံထားရပေမယ့် ၂ ရက်ခွဲလောက် အလုပ်တွေ ဆက်လုပ်နေခဲ့ပြီး လူ ၉၀၀ လောက်နဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ ကိစ္စ ရှိခဲ့ဖူးပါတယ်။ အဲဒီနောက်မှာ ဆေးရုံကို ပိတ်ထားရတဲ့ အခြေအနေထိ ဖြစ်ခဲ့ပါတယ်။
6 years Ago
Up