တောင်ကိုရီးယားစက်ရုပ် ဒေါ်လာ ၂ သန်းတန် ပထမဆု ဆွတ်ခူး

July 3, 2015

စက်ရုပ်ကြောင့် ကားစက်ရုံ အလုပ်သမားတဦး သေဆုံး

ဂျာမနီနိုင်ငံ ဗောက်စ်ဝက်ဂွန်းကား စက်ရုံမှာ စက်ရုပ်ကြောင့် အလုပ်သမားတဦး သေဆုံးခဲ့တယ်လို့ စက်ရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ဇွန် ၂၉ ရက်က ဖရန့်ဖတ်မြို့မြောက်ဘက် ၆၂ မိုင်အကွာ ဘန်နေတယ်လ်အရပ်ရှိ စက်ရုံထဲမှာ သေဆုံးနေတာလို့ စက်ရုံ ပြောရေးဆိုခွင့်ရှိသူ ဟိုက်ကိုဟဲလ်ဝစ်ဒ်က ပြောပါတယ်။ သေဆုံးသွားတဲ့ ၂၂ နှစ်အရွယ် အလုပ်သမားဟာ ကားအစိတ်အပိုင်း ထုတ်လုပ်ရေးဌာနစိတ်က ၀န်ထမ်းတဦးဖြစ်ပါတယ်။ စက်ရုပ်ကို ထိန်းချုပ်တပ်ဆင်ထားပြီး အလုပ်လုပ်နေချိန်မှာ စက်ရုပ်က သတ္တုပြားအောက်ကို တွန်းဖိမိပြီး သေဆုံးသွားတာလို့ ဟဲလ်ဝစ်ဒ်က ပြောပါတယ်။ ကားထုတ်လုပ်ရာမှာ စက်ရုပ်တွေကို ထိန်းချုပ်တဲ့ ပရိုဂရမ်တွေနဲ့ လုပ်ငန်းများစွာကို လုပ်ဆောင်နေတာကြောင့် ခုပြဿနာမှာ စက်ရုပ်ထက် လူသားကိုပဲ အပြစ်တင်ရမလို ဖြစ်နေတယ်လို့ သူကပြောပါတယ်။ သေဆုံးတဲ့အချိန်မှာ တခြား အလုပ်သမားတဦးလည်း ရှိနေသလို ထိခိုက်ဒဏ်ရာ မရဘူးလို့ ပြောပါတယ်။ သာမန်အားဖြင့် စက်ရုံကန့်သတ်ဧရိယာထဲမှာ စက်ကိရိယာတွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် အလုပ်လုပ်နေတာလို့ ဆိုပါတယ်။ တခြားစက်ရုံတွေမှာလည်း ခုလို မတော်တဆဖြစ်ရပ်တွေ ရှိပေမယ့် ထိခိုက်ဒဏ်ရာ ရတာမျိုးတွေ မရှိဘူးလို့ ဟဲလ်ဝစ်ဒ်က ဆိုပါတယ်။ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တဲ့အတွက် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အသေးစိတ် အကြောင်းအရာတွေကို ပြောဆိုဖို့တော့ ငြင်းဆန်ထားပါတယ်။ ဂျာမန်သတင်းအေဂျင်စီ ဒီပီအေကတော့ ဘယ်သူ့ကြောင့်ဖြစ်ရသလဲ ဆိုတာကို စုံစမ်းစစ်ဆေး အရေးယူသွားဖို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
6 years Ago

June 26, 2015

စကော့တလန်တွင် ပထမဆုံး စက်ရုပ်အကူဖြင့် ခွဲစိတ်သည့်စနစ် ပြမည်

ဇွန် ၂၇ ရက်မှာ စကော့တလန်နိုင်ငံ အာဘာဒင်းတက္ကသိုလ်က စက်ရုပ်တွေရဲ့ အကူအညီနဲ့  ခွဲစိတ်တဲ့စနစ် (အာရ်အေအက်စ်အက်စ်) ကို ပြည်သူတွေကို ပြသမှာ ဖြစ်ပါတယ်။ မနက် ၁၀ နာရီကနေ ၃ နာရီအထိ ဒီဆေးပညာ တီထွင်တိုးတက်မှုကို ဆော်တာစင်တာ၊ ဖော်စတာဟေးလ်ကျန်းမာရေးဌာနမှာ ပြည်သူတွေကို သရုပ်ပြသွားမယ်လို့ စကော့တလန် သတင်းတွေက ရေးပါတယ်။ ဧည့်သည်တွေက ခွဲစိတ်ဖို့လိုအပ်နေတဲ့ လူနာတွေကိုရော၊ အလှူရှင်တွေကိုပါ တွေ့ဆုံနိုင်ပြီး တဖက်တလမ်းက ကူညီနိုင်တယ်လို့လည်း ပြောပါတယ်။ နွေရာသီနှောင်းပိုင်းကနေ စတင်ပြီး အာဘာဒင်း တော်ဝင်ဆေးရုံ (အေအာအိုင်) မှာ ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ စအိုနဲ့ ဆက်စပ်လမ်းကြောင်းဆိုင်ရာ ကင်ဆာနဲ့ အမျိုးသမီးဆိုင်ရာ ကင်ဆာရောဂါတွေကို ခွဲစိတ်ရာမှာ ဒီစနစ်ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဆီးနဲ့ ကျောက်ကပ်ဆိုင်ရာ ခွဲစိတ်သမားတော်လည်းဖြစ်၊ ယူစီအေအန် ကင်ဆာဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဂျပ်စတင် ရွိင်းကတော့ ဒါဟာ အခွင့်အလမ်းတခု ဖြစ်သလို နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပထမဆုံးတီထွင်နိုင်တဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။ ဒီနည်းပညာသစ်ဟာ ၃ ဘက်မြင် နည်းပညာမြင့်ကင်မရာကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး ခွဲစိတ်ဆရာဝန်တွေအတွက် ခွဲစိတ်ရမယ့် နေရာတ၀ိုက်ကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်မယ်လို့ဆိုပါတယ်။ အသစ်တီထွင်လိုက်တဲ့ ကိရိယာဟာ ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့လက်လှုပ်ရှားမှု ပုံစံကို တုပထားပြီး အသေးစားခွဲစိတ်မှုတွေဖြစ်တဲ့ အသားပိုဖယ်ထုတ်တာ၊ မလိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖယ်ထုတ်ရာမှာ အသုံးချနိုင်မယ်လို့ ဆိုပါတယ်။ အေအာအိုင်ရဲ့ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်ခွဲစိတ်ဆရာဝန် ပါမောက္ခ ဆမ်မက်ကလင်တန်က “လူနာတွေ ဆေးကုသမှု ခံယူနေစဉ်မှာ မလိုလားအပ်တဲ့ တခြားဘေးထွက်ဆိုးကျိုးတွေကို လျှော့ချနိုင်မယ်။ အချိန်ကုန်သက်သာမယ့် အကျိုးကျေးဇူးတွေ ရှိသလို ခွဲစိတ်ဆရာဝန်တွေ အနေနဲ့ ခွဲစိတ်မှုတွေလုပ်တဲ့အချိန်မှာ သင်ကြားချိန်တွေ လျှော့ချနိုင်တယ်။” လို့ပြောပါတယ်။ ဒီကိရိယာ အသုံးပြုမယ့် နည်းလမ်းတွေကို အေအာအိုင် ၀န်ထမ်းတွေကို သင်တန်းပေးသွားမှာ ဖြစ်ပြီး သြဂုတ်နှောင်းပိုင်းမှာ ဒီကိရိယာနဲ့ ပထမဆုံး ကုသပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
6 years Ago
Up