တောက်ပပြီး စိတ်ကူးယဉ်ဆန်သည့် အာကာသထဲက နဂါးငွေ့တန်း

March 10, 2017

တောက်ပပြီး စိတ်ကူးယဉ်ဆန်သည့် အာကာသထဲက နဂါးငွေ့တန်း (ရုပ်သံ)

ချီလီနိုင်ငံမြောက်ပိုင်း အက်တာကာမာသဲကန္တာရမှာ တပ်ဆင်ထားတဲ့ အာလ်မာခေါ် The Atacama Large Millimeter/submillmeter Array ဆိုတဲ့ နက္ခတ်ဗေဒဆိုင်ရာ ရေဒီယို အဝေးကြည့်မှန်ပြောင်းကနေ တောက်ပပြီး စိတ်ကူးယဉ်ဆန်တဲ့ အာကာသရှိ ကြယ်စု (နဂါးငွေ့တန်း) ရဲ့ ရောင်စုံရုပ်ပုံတွေကို မတ် ၈ ရက်နေ့က ထုတ်လွှင့်လိုက်ပါတယ်။ ဒီကြယ်စု (နဂါးငွေ့တန်း) ကို ရှာဖွေတွေ့ရှိ စမ်းသပ်လေ့လာပြီး မကြာခင်မှာပဲ ဒီကြယ်စင်တန်းဟာ အဝေးဆုံးက ကြယ်စင်တန်းဖြစ်တယ်၊ အဲဒီမှာ အောက်ဆီဂျင်နဲ့ ဖုန်မှုန့်တွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီလို စောင့်ကြည့်လေ့လာမှုကို လန်ဒန်အကယ်ဒမီတက္ကသိုလ်မှ နီကိုလက်စ်လက်ပို့တ် ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာ နက္ခတ်ဗေဒပညာရှင်များအဖွဲ့က ဆောင်ရွက်ခဲ့တာပါ။ ဒီနက္ခတ်ဗေဒပညာရှင်အဖွဲ့က ကြယ်စင်တန်းကို တွေ့ရှိပြီး သက်တမ်းနုတဲ့ ကြယ်စင်တန်းမှာ အစောပိုင်းက မျိုးဆက်ကြယ်တွေ ကြွေကာ သေဆုံးပြီး ဖြစ်ပေါ်လာတဲ့ ဖုန်မှုန့်တွေ ပါဝင်နေတာကို အံ့သြနေကြတယ်လို့လည်း ဆိုပါတယ်။ ပထဦးဆုံးကြယ်တွေနဲ့ ကြယ်စင်တန်း (နဂါးငွေ့တန်း) တွေ ပေါ်ပေါက်လာတဲ့ အချိန်ကာလဖြစ်တဲ့ စကြဝဠာကြီး သက်တမ်း သန်း ၆၀၀ ရှိတဲ့အချိန်မှာ ဒီကြယ်စင်တန်း ပေါ်ပေါက်လာပုံရတယ်လို့ ထုတ်ပြန်တဲ့သတင်းတွေအရ သိရပါတယ်။ စကြဝဠာထဲက ဖုန်မှုန့်တွေဟာ အဓိကအားဖြင့် ဆီလီကွန် ကာဗွန် အလူမီနီယမ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ အမှုန်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမှုန်တွေထဲမှာပါဝင်တဲ့ ဓာတုဗေဒ ဒြပ်ပစ္စည်းလေးတွေက ကြယ်တွေကြွေတဲ့အခါ ကြယ်တွေထဲကနေ ရှေ့ဆက်တက်ပြီး စကြဝဠာအနှံ့ကို ပျံ့နှံ့သွားတယ်လို့ ဆိုပါတယ်။ အစောဆုံး စကြဝဠာထဲက ဖုန်မှုန့်တွေ တွေ့ရှိမှုကနေ ပထဦးဆုံး ကြယ်ကြွေမှု (Supernovae exploded - ကြယ်တွေ လအနည်းငယ်အတွင်း အရောင်ပိုမိုတောက်ပလာပြီး ပေါက်ကွဲသွားခြင်း) နဲ့စပ်လျဉ်းတဲ့ သတင်းအချက်အလက်တွေ အပါအဝင် သတင်းတွေကို သိရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီလိုအချိန်ကိုက် သတ်မှတ်လိုက်တဲ့ “စကြဝဠာအစဦး” ဆိုတာဟာ ခေတ်သစ်နက္ခတ်ဗေဒရဲ့ သမ္မာကျမ်းစာတခုဖြစ်နေပြီး ဒါက အစောပိုင်း ကြယ်တွေကြားက ဖုန်မှုန့်တွေကို လေ့လာမှုမှာတဆင့် တွေ့ရှိတာလို့ သွယ်ဝိုက်တဲ့နည်းနဲ့ သက်သေပြတာလည်း ဖြစ်နိုင်တယ်လို့ ထုတ်ပြန်တဲ့ သတင်းတွေအရ သိရပါတယ်။
5 years Ago
Up