တေလာဆွစ်ဖ်

July 20, 2019

တေလာဆွစ်ဖ်ကို ကြောင်မလေးအသွင်မြင်တွေ့ရမည့် အန်နီမေးရှင်းဂီတဒရာမာရုပ်ရှင်-Cats (နမူ နာ)

ပေါ့ပ်စတား အဆိုတော် တေလာဆွစ်ဖ်ဟာ Cats အမည်ရတဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားထဲမှာ အဓိက ဇာတ်ဆောင်အနေနဲ့ ပထမဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Universal Pictures က ဖြန့်ချိမယ့် ဒီရုပ် ရှင်ကားကိုတော့ ဗြိတိန်-သြစတြေးလျရုပ်ရှင်ဒါရိုက်တာ Tom Hooper က ရိုက်ကူးပုံဖော် ပေးထားတာပါ။        Cats ရုပ်ရှင်ဟာ ၂၀ ရာစုရဲ့ အထင်ရှားဆုံးစာရေးဆရာ ကဗျာဆရာတဦးထဲမှာ ပါဝင်တဲ့ ဗြိတိန်ကဗျာဆရာ T.S Elliot ရဲ့ Old Possum's Book of Practical Cats စာအုပ် ကို အခြေခံပြီး ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို စင်တင်ဂီတပြဇာတ်အနေနဲ့ ကပြခဲ့ဖူးပြီး အောင်မြင်မှုရရှိခဲ့ကာ ရုပ် ရှင်အနေနဲ့ ရိုက်ကူးတာကတော့ ဒါပထမဆုံး ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် တေလာဆွစ်ဟာ ဂီတလောကမှာ အောင်မြင်တဲ့ အနုပ ညာရှင်တဦးဖြစ်တာမို့ ရုပ်ရှင်အနေနဲ့ ရိုက်ကူးမယ့် ဒီကားထဲမှာရော ဘယ်လိုသရုပ်ဆောင်မှုတွေနဲ့ ဖမ်းစားဦးမလဲဆိုတာကိုလည်း ပရိသတ်တွေက စောင့်မျှော်နေကြတာပါ။ ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ အမေရိကန် အဆိုတော် သရုပ် ဆောင်မင်းသမီး Jennifer Hudson၊ ဗြိတိန်သရုပ်ဆောင်မင်းသား James Corden စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ အန်နီးမေးရှင်း အထူးပြုလုပ်ချက်တွေနဲ့ ဂီတဒရာမာ ရုပ်ရှင်ကားတကားအဖြစ် ဖန် တီးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကိုတော့ လာမယ့် ဒီဇင်ဘာလထဲမှာ ရုံတင်ပြသသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
2 years Ago

July 12, 2019

ကမ္ဘာ့ဝင်ငွေအများဆုံး ကျော်ကြားသူ စာရင်းတွင် တေလာဆွစ်ဖ် ထိပ်ဆုံးကရပ်တည်

နာမည်ကြီး မဂ္ဂဇင်းတစောင်ဖြစ်တဲ့ ဖို့ဘ်မဂ္ဂဇင်းက အားကစား၊ အနုပညာ၊ ဂီတ၊ ရုပ်ရှင် စတဲ့ နယ်ပယ်အသီးသီးမှာ ကမ္ဘာ့ဝင်ငွေအများဆုံး ကျော်ကြားသူတွေရဲ့ စာရင်းကို နှစ်စဉ် ထုတ်ပြန်လေ့ရှိပြီး အခုနှစ်မှာတော့ ပေါ့ပ်ဂီတကြယ်ပွင့် အဆိုတော် တေလာဆွစ်ဖ်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၅ သန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် အဆိုတော်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း အမေရိကန်ဒေါ်လာ သန်း ၁၆၀ နဲ့ ဝင်ငွေအများဆုံး ထိပ်တန်းကျော်ကြားသူ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့ပါသေးတယ်။ သူ့ကို ထိပ်တန်းရောက်စေခဲ့တာဟာ ပြီးခဲ့တဲ့နှစ်က Reputation Stadium Tour အမည်နဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေက ဝင်ငွေ အများဆုံးရခဲ့တာဖြစ်ပြီး ဒါဟာ အမေရိကန်သမိုင်းမှာ ဝင်ငွေအမြင့်ဆုံး နယ်လှည့်ဖျော်ဖြေပွဲတခု ဖြစ်ခဲ့ပါတယ်။ မဂ္ဂဇင်းက ခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ တေလာဆွစ်ဖ်ရဲ့နောက် ဒုတိယနေရာမှာတော့ လူမှုကွန်ရက် မီဒီယာတွေပေါ် ထင်ရှားတဲ့ ရုပ်သံအစီအစဉ် တင်ဆက်သူ အသက် ၂၂ နှစ်အရွယ် ကိုင်လီဂျန်နာက ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ နဲ့ ရှိနေခဲ့တာပါ။ အသက် ၄၂ နှစ်အရွယ် ရက်ပ်ပါအဆိုတော် ကန်ယေးဝပ်စ်ကတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၅၀ နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ အဲဒီနောက်မှာတော့ နာမည်ကျော် ဘောလုံးသမား မက်ဆီက ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၇ သန်းနဲ့ ရပ်တည်နေပြီး သူ့နောက်မှာတော့ အဆိုတော် အက်ဒ်ရှီယမ်က ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၀ နဲ့ ရပ်တည်နေတာပါ။ ဆဋ္ဌမမြောက်နေရာမှာတော့ နာမည်ကြီး ဘောလုံးသမား ရော်နယ်ဒို၊ သူ့နောက်မှာတော့ နေမာ စတဲ့ ဘောလုံးသမားတွေက ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၉ သန်း၊ ၁၀၅ သန်းစီနဲ့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။ နာမည်ကျော် The Eagles တေးဂီတအဖွဲ့ကတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နဲ့ အမှတ်စဉ် ၈ နေရာမှာ ရှိနေပြီး အဲဒီနောက်မှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၅ သန်းနဲ့ ဒေါက်တာဖီလ်အဖြစ် နာမည်ကြီးတဲ့ ရုပ်သံကြယ်ပွင့် ဖီလ်မက်ဂ်ဂရောက ရပ်တည်နေပါတယ်။ အမှတ်စဉ် ၁၀ နေရာမှာတော့ လက်ဝှေ့အကျော်အမော် ကန်နယ်လို အယ်လ်ဘာရက်ဇ်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၄ သန်းနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။
2 years Ago
More News
Up