ညောင်လေးပင်မြို့တွင်

February 9, 2018

ညောင်လေးပင်မြို့တွင် တရားမဝင် သစ်ခွဲသားများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှာ ဒီနေ့ မနက်ပိုင်းက ၁၂ ဘီးယာဉ်ပေါ်က တရားမဝင် ပိတောက်ခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးမှူးရုံးက ပြောပါတယ်။ ညောင်လေးပင်မြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၃/အနီးမှာ မြို့နယ်သစ်တောဦးစီးနဲ့အဖွဲ့က သတင်းအရ သွားရောက်စောင့်ဆိုင်းနေချိန် မန္တလေးကနေ ရန်ကုန်ကို ယာဉ်မောင်း ဦးခိုင်ဇော် မောင်းနှင်ပြီး ယာဉ်အကူ ဦးဇော်မင်းထွေး လိုက်ပါလာတဲ့ ၁၂ ဘီးယာဉ်ကို စစ်ဆေးရာ တရားမဝင် ပိတောက်သစ်ခွဲသား ၆ တန်၊ ကာလတန်ဖိုးငွေ ၄၈ သိန်းဖိုးလောက် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ ညောင်လေးပင်မြို့နယ်တောအုပ် ဦးနိုင်ဦးက “တရားခံတွေကိုတော့ မိပါတယ်။ အခုတော့ ရဲစခန်းမှာ ယာယီအပ်နှံထားပါတယ်။ အသေးစိတ်တော့ စစ်ဆေးခြင်း မပြုရသေးဘူး” လို့ ပြောပါတယ်။ ညောင်လေးပင်မြို့နယ် သစ်တောဦးစီးမှူးရုံးက ယာဉ်မောင်း ဦးခိုင်ဇော်နဲ့ ယာဉ်နောက်လိုက် ဦးဇော်မင်းထွေးတို့နှစ်ဦးကို သစ်တောဥပဒေပုဒ်မ ၄၂(ခ) နဲ့ အမှုဖွင့်ထား တယ်လို့ သိရပါတယ်။ သတင်း၊ဓာတ်ပုံ-နေလင်းထိုက်
3 years Ago

October 16, 2017

ညောင်လေးပင်မြို့တွင် တရားမဝင် သစ်ခွဲသားများ ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့၊ အင်းဝိုင်းကျေးရွာနားမှာ အောက်တိုဘာလ ၁၅ ရက် ည ၁၁ နာရီခွဲအချိန်က တရားမဝင် သစ်ခွဲသားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ်သစ်တောဦးစီးမှူးက ပြောပါတယ်။ ညောင်လေးပင်-ရွှေကျင် ကားလမ်းမိုင်တိုင်အမှတ် (၇/၀) နားမှာ မြိုနယ်သစ်တောဦးစီးမှူးနဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ စောင့်ဆိုင်းနေချိန် ရွှေကျင်ဘက်ကနေ ပုဇွန်မြောင်းကျေးရွာကို ရွှေကျင်မြို့နေသူ ယာဉ်မောင်း ကိုမင်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် ရွှေကျင်မြို့နယ်နေ လူထူးတို့ လိုက်ပါလာတဲ့ ယာဉ်အမှတ် (MDY 5H/2867 LIFAN) ယာဉ်ကို ရပ်တန့်စစ်ဆေးရာက ယာဉ်ပေါ်မှာ တရားမဝင် သစ်ခွဲသားဆိုဒ်စုံ ၁ တန်ခွဲ ဖမ်းဆီးရမိခဲ့တာလို့ သစ်တောဦးစီးမှူးက ဆိုပါတယ်။ မြို့နယ်သစ်တောဦးစီးမှူး ဦးတင်စိုးက “ကျနော်တို့ သတင်းအရ စောင့်ဆိုင်း စစ်ဆေးနေစဉ်မှာ ဖမ်းဆီးရမိတာပါ။ တန်ဖိုးကတော့ မတွက်ရသေးပါဘူး။ ယာဉ်နဲ့ သစ်ကိုတော့ သစ်တောရုံးဝင်းထဲမှာ သိမ်းဆည်းထာပါတယ်။ တရားရုံးမှာ ဥပဒေနဲ့အညီ ဦးတိုက် လျှောက်ထား တရားစွဲဆိုသွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဖမ်းဆီးရမိတာနဲ့ ပတ်သက်ပြီး တရားမဝင် သစ်ခွဲသားများ တင်ဆောင်လာသူ ယာဉ်မောင်း ကိုမင်းနဲ့ ယာဉ်နောက်လိုက် လူထူးတို့ကို ညောင်လေးပင်မြို့ သစ်တောဦးစီးမှူးက သစ်တောဥပဒေပုဒ်မ ၄၁(က)နဲ့ တရားရုံးမှာ ဥပဒေနဲ့အညီ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်
4 years Ago
Up