ဈေးနှုန်း

May 16, 2018

မန္တလေး ကုန်စည်ဒိုင်တွင် ပဲစင်းငုံဈေးနှုန်း မြင့်တက်

မန္တလေးမြို့မှာ အခုရက်ပိုင်းအတွင်း ပဲစင်းငုံဈေးနှုန်းတွေ မြင့်တက်လာခဲ့တာကြောင့် မန္တလေးကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။ အိန္ဒိယနိုင်ငံကနေ ပဲစင်းငုံ တန်ချိန် နှစ်သိန်း၊ မတ်ပဲတန်ချိန် ၁ သိန်းခွဲနဲ့ ပဲတီစိမ်း တန်ချိန် ၁ သိန်းခွဲ ဝယ်မယ်လို့ စာထွက်လာခဲ့တာကြောင့် မန္တလေး ပဲဈေးကွက် မြင့်တက်လာခဲ့တာလို့ စိုးဝင်းမြင့်ပွဲရုံ ပိုင်ရှင်က ဒီဗွီဘီကို ပြောပါတယ်။ အရင်က ပဲစင်းငုံအဟောင်း သုံးတင်းဝင် တအိတ်ကို ကျပ် ၃၀,၀၀၀ ဝန်းကျင် ဈေးကနေ မေ ၁၅ ရက်မှာ ကျပ် ၄၅,၀၀၀ ဈေးမြင့်တက်လာခဲ့တာကြောင့် ပွဲစားနဲ့ ကုန်သည်တွေ အလုပ်ဖြစ်လာတယ်လို့ မန္တလေးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးကျော်သွင်က ပြောပါတယ်။ ပြီခဲ့တဲ့နှစ်ကတော့ အိန္ဒိယနိုင်ငံကနေ မြန်မာပြည်ကထွက်ရှိတဲ့ ပဲစင်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ ပြည်ပပို့ကုန်တွေကို ဝယ်ယူမှုတွေ ရပ်ဆိုင်းထားခဲ့လို့ ပဲဈေးနှုန်းတွေကျပြီး ဈေးကွက်ပျက်သွားခဲ့ရတာပါ။
3 years Ago

May 8, 2018

အိန္ဒိယက မြန်မာမတ်ပဲ ပြန်လည်ဝယ်ယူသဖြင့် မတ်ပဲဈေးနှုန်းများ ခုန်တက်

အိန္ဒိယနိုင်ငံက မြန်မာမတ်ပဲနဲ့ ပဲတီစိမ်း တန်ချိန် ၃ သိန်း ဝယ်ယူမယ်လို့ ကြေညာလိုက်တာကြောင့် ပြည်တွင်း ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်မှာ မတ်ပဲဈေးနှုန်းတွေ ပြန်တက်လာပြီး အရောင်းအဝယ် ပြန်ဖြစ်နေပါတယ်။ ပြည်တွင်းက လက်ကျန်မတ်ပဲတွေဟာ အရင်က တတန်ကို ကျပ်သုံးသိန်းရှစ်သောင်း ရှိရာကနေ တတန်ကို လေးသိန်းခွဲအထိ ဒီကနေ့မှာ ပေါက်ဈေးဖြစ်လာတာပါ။ အိန္ဒိယဘက်က တရားဝင် ဘယ်အချိန်မှာ ဘယ်သူက ဘယ်လောက် ဝယ်ယူခွင့်ရမယ် ဆိုတာကို မထုတ်ပြန်သေးတာကြောင့် ကုန်သည်တွေအနေနဲ့ စောင့်ကြည့်နေတဲ့ အခြေအနေမှာပဲ ရှိနေတာပါ။ မြန်မာတနိုင်ငံလုံးက ကုန်သည်တွေဆီမှာတော့ မတ်ပဲလက်ကျန် တန်ချိန် ငါးသိန်း အထက်ရှိနေပေမယ့်  မတ်ပဲစိုက် တောင်သူတွေ လက်ထဲမှာတော့ ပဲလက်ကျန် နည်းပါးနေပါတယ်။ ပဲတီစိမ်းဈေးကတော့ တခြားနိုင်ငံတွေရဲ့ ဝယ်လက်ကြောင့် ပုံမှန်ဈေးပဲ ရှိပါတယ်။ မတ်ပဲဟာ အိန္ဒိယရဲ့ အခြေခံလူတန်းစားတွေရဲ့ အဓိကစားသောက်ကုန် ဖြစ်ပြီးတော့ တကမ္ဘာလုံးမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံတို့မှာပဲ အဓိက စိုက်ပျိုးတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ မြန်မာပြည်ကနေ မတ်ပဲ ဝယ်ယူတင်သွင်းမှုကို ၂၀၁၇ သြဂုတ်ကနေ ၂၀၁၈ မတ်လကုန်အထိ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေ ၄ ရက်နေ့က မြန်မာ စီးပွားကူးသန်း အမြဲတမ်းအတွင်းဝန်နဲ့ အိန္ဒိယနိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးနောက် မတ်ပဲ တန်ချိန် ၃ သိန်း မြန်မာပြည်ကနေ ပြန်လည် ဝယ်ယူသွားဖို့ တရားဝင်ကြေညာတာလို့ ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပဲမျိုးစုံကို ပြည်ပဈေးကွက်တွေကို တပတ် တန်ချိန် ထောင်ဂဏန်း ပေးပို့နေတယ်လို့ သိရပါတယ်။
3 years Ago
Up