ဇော်မင်းထွန်း

February 8, 2018

ထိုင်းကလပ်နှင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့သည့် ဇော်မင်းထွန်း ရာသီဝက် နားရမည်

မြန်မာ့လက်ရွေးစင်နဲ့ ရန်ကုန်ယူနိုက်တက်အသင်း နောက်ခံလူ ဇော်မင်းထွန်းဟာ ထိုင်းကလပ် ဆူပန်ဘူရီအသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့လို့ ရာသီဝက် အနားယူရတော့မှာ ဖြစ်ပါတယ်။ ဇော်မင်းထွန်းအနေနဲ့ ဆူပန်ဘူရီနဲ့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေတာကြောင့် မိခင်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းကလည်း ရာသီဝက်ကာလအတွက် အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းခဲ့ခြင်း မရှိတာပါ။ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့တာနဲ့ ပတ်သက်လို့ နောက်ခံလူ ဇော်မင်းထွန်းက “ကျနော် ရာသီဝက် နားရတော့မှာပါ။ ထိုင်းအေးဂျင့်နဲ့ အဆင်မပြေဖြစ်သွားလို့ မပြောင်းဖြစ်တာပါ။ အေးဂျင့်ဘက်က အဆင်မပြေတာဆိုတော့ ကျနော့်ဘက်က အသေးစိတ်တော့ မပြောချင်ဘူး။ ရန်ကုန်ယူနိုက်အသင်းနဲ့က ဒီနှစ် ဒီဇင်ဘာအကုန်အထိ စာချုပ်သက်တမ်း ကျန်သေးတယ်။ ရန်ကုန်ဘက်က အလိုရှိရင်တော့ မြန်မာလိဂ်ရာသီဝက် အပြောင်းအရွှေ့မှာ ပြန်ကစားဖြစ်မှာပါ။ ရန်ကုန်က မခေါ်ဘူးဆိုရင်တော့ တခြားအသင်းတသင်းမှာ အငှားထွက်ကစားဖြစ်မှာပါ" လို့ ပြောပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ လာမယ့် မတ်လ ၂၂ ရက်နဲ့ ၂၇ ရက်တွေမှာ အာရှဖလား ခြေစစ်ပွဲ အဆုံးအဖြတ်ပွဲတွေ ကစားရမှာဖြစ်ပြီး အဓိကနောက်ခံလူ ဇော်မင်းထွန်း ပွဲကစားခွင့်မရှိတာက လက်ရွေးစင်အသင်းအပေါ်မှာလည်း ရိုက်ခတ်မှု ရှိနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဇော်မင်းထွန်းက “ပွဲမကစားရလို့ မရွေးရင်တော့ နားရမှာပေါ့။ လက်ရှိအခြေအနေကို နည်းပြချုပ်ဂတ်ကိုတော့ ပြောပြထားပါတယ်။ နောက်ပြီး လက်ရွေးစင်က ကြံ့ခိုင်ရေးနည်းပြနဲ့လည်း လေ့ကျင့်မှုတွေ ဆက်လုပ်ဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။ ဇော်မင်းထွန်းဟာ မြန်မာ့လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၅၆ ပွဲကစား ၄ ဂိုး သွင်းထားပြီး လက်ရှိအသင်းမှာ ရန်အောင်ကျော်ပြီးရင် ဒုတိယပွဲအများဆုံး ကစားထားပါတယ်။
4 years Ago
Up