ဆွေးနွေး

April 26, 2019

မြန်မာဆန်တန်ချိန် ၁ သိန်း တရုတ်နိုင်ငံသို့ တင်ပို့ရန် နှစ်နိုင်ငံခေါင်းဆောင်များဆွေးနွေး

မြန်မာနိုင်ငံက ဆန်တန်ချိန် ၁သိန်းကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ဆက်ပေးဖို့နဲ့  မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းတွေနဲ့ မွေးမြူရေးထွက်ကုန်တွေကို ပိုမိုဝယ်ယူနိုင်ဖို့ မြန်မာ- တရုတ် နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။ ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တက်ဖို့  တရုတ်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခချန်းတို့ မနေ့က ပေကျင်းမြို့မှာ  တွေ့ဆုံစဉ် မြန်မာ့ဆန်ကိစ္စ ထည့်သွင်းဆွေးနွေးခဲ့တာပါ။ ဒါ့အပြင် နှစ်နိုင်ငံ နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှု ရရှိရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဒေသမှာ တရားမဝင် ကုန်သွယ်မှု ပပျောက်ရေး၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး အတွက် နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက သတင်း ထုတ်ပါတယ်။ ဒီနောက် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာတွေနဲ့ သဘောတူစာချုပ်တွေကိုလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ် ဝန်ကြီးချုပ်တို့ ရှေ့မှောက်မှာ ချုပ်ဆိုခဲ့ကြပါတယ်။ စာချုပ်တွေကတော့ တရုတ်- မြန်မာ စီးပွားရေးစင်္ကြန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ( ၂၀၁၉-၂၀၃၀ ) ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန်အတွက် ငါးနှစ် ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရေးဆိုင်ရာ နားလည်မှု စာချွန်လွှာနဲ့ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချုပ်တို့ဖြစ်ပါတယ်။ ဓာတ်ပုံ-XINHUA
2 years Ago

March 7, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီ အခန်း (၁)ပါ အခြေခံမူများကို စတင်လေ့လာဆွေးနွေး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ပူးပေါင်းကော်မတီဟာ ဖွဲ့စည်းပုံရဲ့ နိဒါန်းနဲ့ အခြေခံမူတွေ ရေးဆွဲပြဋ္ဌာန်းထားတဲ့ အခန်း  (၁)ကို စတင်လေ့လာ ဆွေးနွေးနေပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုလွှတ်တော် အဆောက်အအုံ ဒုတိယထက်မှာရှိတဲ့ အစည်းအဝေးခန်းမှာ ၃ ကြိမ်မြောက်  ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး ကိုကျင်းပပြီး ဆွေးနွေးနေတာပါ။ ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က "ဒီနေ့ကတော့ ဘယ်လိုပူးပေါင်းမလဲ၊ ပြင်ဆင်မယ့်ဟာတွေကို ဘယ်လိုချိတ်ဆက်ကြမယ်ဆိုတာကို ဒီနေ့တော့ ပုံဖော်နိုင်မယ်လို့ မျှော်လင့်တယ်။ ဒီနေ့ကတော့ သတ်မှတ်ထားတဲ့ အခန်းက နိဒါန်းနဲ့ အခန်း(၁) ဖြစ်ပါတယ်။ ဒီဟာကို ကျနော်တို့ နိုင်ငံရေးပါတီတွေပါတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါတဲ့ တင်ပြဆွေးနွေး စရာရှိတာကိုဆွေးနွေးမယ်။ ဘယ်လိုပူးပေါင်းမယ်ဆိုတာကို အတွင်းရေးမှူးက ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ ပြောမယ်ဆိုရင် တတိယမြောက်နေ့ အခမ်းအနားဖြစ်တဲ့ အလျောက် ဒီကနေ့က လုပ်ငန်းဖြစ်မြောက်ရေး စတင်တဲ့နေ့ဖြစ်ပါတယ်"လို့ ပြောပါတယ်။ ဒီကနေ့အစည်းအဝေးကိုတော့ ‘ဝ’ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ်တဦးသာ မတက်ရောက်နိုင်ဘဲ ခွင့်ယူထားပေမယ့် ကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ခံသွားမယ်လို့ ဆိုပါတယ်။
2 years Ago
More News
Up