ဆေးရုံကြီး

April 19, 2019

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း မေ ၁ ရက်မှစပြီး တလမ်းမောင်းစနစ် သုံးမည်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတာကြောင့် လက်ရှိသွားတဲ့ ယာဉ်လမ်းကြောင်း နှစ်လမ်းမောင်းစနစ်ကနေ မေလ ၁ ရက်နေ့ကစပြီး တလမ်းမောင်းစနစ်အဖြစ် ပြောင်းလဲအသုံးပြုသွားမယ်လို့ ဆေးရုံအုပ် ဒေါ်ခင်သိင်္ဂီမြင့်က ပြောပါတယ်။ လက်ရှိအသုံးပြုနေတဲ့ ဆေးရုံအရေးပေါ်ရှေ့ လမ်းမတော်လမ်းက အဝင်အထွက်အပေါက်ကို အဝင်လမ်းသာ ခွင့်ပြုပြီး အနော်ရထာလမ်းဘက်ကို အထွက်လမ်းဖွင့်လှစ်ပေးမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆေးရုံကြီး မျက်နှာစာအရှေ့ဘက် ဗိုလ်ချုပ်လမ်းကို အဝင်နဲ့ အထွက်လမ်း၊ ရွှေတိဂုဘုရားလမ်းဘက်အခြမ်းကိုလည်း အဝင် အထွက်လမ်းအဖြစ် ထားရှိပေးသွားမှာဖြစ်ပြီး မနက် ၅ နာရီကနေ ည ၈ အထိ ယာဉ်တွေ သွားလာခွင့်ပေးမယ်ဆို ဆေးရုံအုပ်က ပြောပါတယ်။ အခုလို ဆေးရုံဝင်းအတွင်း တလမ်းမောင်းစနစ် ပြောင်းလဲတာကိုတော့ မြို့နယ် ယာဉ်ထိန်းရဲ့တပ်ဖွဲ့က ပူးပေါင်းဆောင်ရွက်တာလို့ ဆိုပါတယ်။
2 years Ago

September 22, 2018

တွံတေးဆေးရုံကြီး ဓာတ်မှန်ဌာန မီးအားမလုံလောက်၍ စက်ချို့ယွင်းမှု အမြန်လုပ်ပေးမည်

တွံတေးမြို့နယ် ပြည်သူ့ဆေးရုံကြီး ဓာတ်မှန်ဌာနမှာ မီးအားမလုံလောက်မှုကြောင့် မကြာခဏ စက်ချို့ယွင်းနေမှု ပြဿနာ ကြုံတွေ့နေရတဲ့အတွက် ဓာတ်အားရရှိရေး အမြန်ဆုံး ဆောင်ရွက်ပေးသွားမယ်လို့ လူမှုရေးဝန်ကြီးက ပြောပါတယ်။ မနေ့ကကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက တွံတေးမြို့နယ် ကုတင် ၅၀ ဆံ့ ပြည်သူ့ဆေးမှာ သတ်မှတ်ထားတဲ့ ဝန်ထမ်းအင်အား ပြည့်မီရေး၊ ဓာတ်ခွဲခန်းတွေ စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေး ဆောင်ရွက်ပေးနိုင်ဖို့ အစီအစဉ်ရှိ၊မရှိ မေးမြန်းရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြန်လည်ဖြေကြားခဲ့တာပါ။။ “တွံတေးမြို့နယ် ပြည်သူ့ဆေးရုံကြီး ဓာတ်မှတ်ဌာနမှာ ဓာတ်မှန်စက်အား ၂၀၁၈ ခုနှစ် အောက်တိုဘာမှ စတင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော လျှပ်စစ်ဓာတ်အား ရရှိရန် မြို့နယ် လျှပ်စစ်ကော်ပိုရေးရှင်းဌာနနှင့် အမြန်ဆုံးပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အကယ်၍ လျှပ်စစ်ဓာတ်အားကြောင့်မဟုတ်ဘဲ X ray စက်က သုံးမရဘူးဆိုရင်လည်း လဲလှယ်ပေးဖို့ ကြိုးစားသွားမည်ဖြစ်ပါတယ်။” တွံတေးမြို့နယ် ပြည်သူ့ဆေးရုံကြီး ဓာတ်မှန်ဌာနလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဓတ်မှန်စက် 100- MA Xray အား ၂၀၁၃ ခုနှစ် ဧပြီလမှာ ကုသရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး အဆိုပါစက်မှာ မီးအား လုံလောက်မှုမရှိတာကြောင့် ဓတ်မှန်ရိုက်ရာတွင် မကြာခဏ စက်ပစ္စည်း ပျက်စီး ချို့ယွင်းမှုများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ တွံတေးမြို့နယ်ပြည်သူ့ဆေးရုံဟာ ကုတင် ၅၀ ဆံ့ဆေးရုံဖြစ်ပြီး ဝန်ထမ်းအင်အား ခွင့်ပြု ၈၉ ဦး၊ ခန့်ထား ၃၃ ဦး၊ လစ်လပ် ၅၆ ဦးတို့နဲ့ လုပ်ငန်းဆောင်ရွက်ပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
3 years Ago
Up