ဆေးရုံဓာတ်လှေကားအတွင်း ကလေးမွေးဖွားသည့် အမျိုးသမီး

September 28, 2017

ဆေးရုံဓာတ်လှေကားအတွင်း ကလေးမွေးဖွားသည့် အမျိုးသမီး (ရုပ်သံ)

တရုတ်နိုင်ငံမှာ ကလေးမီးဖွားမယ့်လူနာကို ဆရာတွေက မွေးခန်းဆီ ကမန်းကတန်း သယ်သွားစဉ် အချိန်မမီတော့ဘဲ လူနာ ဆေးရုံဓာတ်လှေကားအတွင်း ကလေးမွေးဖွားခဲ့ပါတယ်။ စီစီတီဗွီကင်မရာက ဖမ်းယူရရှိတဲ့ ရုပ်သံထဲမှာ မိခင်ဖြစ်သူက မွေးခန်းကို မသွားနိုင်တော့တဲ့ အခြေအနေဖြစ်နေပြီး ဓာတ်လှေကားထဲက တခြားလူတွေလည်း ထွက်သွားကြတာ မြင်ရပါတယ်။ တရုတ်နိုင်ငံအရှေ့ဘက် ဝန်ရှန်းကောင်တီ ပြည်သူ့ဆေးရုံမှာ ဓာတ်လှေကားမောင်းသူ လီဖန်လင်းက ဗိုက်အရမ်းနာနေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ဓာတ်လှေကားထဲ ဝင်လာပုံကို ပြောပြခဲ့ပြီး ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကြောင့် သူ ဓာတ်လှေကားကို ချက်ချင်းရပ်ခဲ့ရကြောင်း ရှင်းပြပါတယ်။ ကလေးထွက်လာပြီး ဓာတ်လှေကားထဲမှာ လဲကျနေတဲ့ အမျိုးသမီးကို ဆရာဝန်နဲ့ သူနာပြုတွေက ဓာတ်လှေကား ကျဉ်းကျဉ်းလေးထဲမှာပဲ ကလေးမွေးဖို့ ကူညီခဲ့ရပါတယ်။ ရုပ်သံထဲမှာ ဓာတ်လှေကားတံခါး ပိတ်ထားတာကို စက္ကန့်ပိုင်းလောက် မြင်ရပြီးနောက် မွေးစကလေးလေး ငိုနေတာကို တွေ့ပေမယ့် ဆေးဝန်ထမ်းတွေက ချက်ကြိုးဖြတ်လို့မရဘဲ ကလေးနဲ့ မိခင်ကို လူနာထမ်းစင်တွန်းလှည်းနဲ့ မွေးခန်းကို ခေါ်သွားတယ်လို့ သိရပါတယ်။ မွေးလာတဲ့ကလေးရဲ့ ကိုယ်အလေးချိန်က ၆ ပေါင်နီးပါးရှိကာ ကျန်းမာပြီး အခြေအနေ ကောင်းတယ်လို့ ဆရာဝန်တွေက ပြောကြောင်း မေရာသတင်းမှာ စက်တင်ဘာ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up