ဆေးဝါး

May 12, 2018

ဆေးဝါးဈေးကြီးသည့်ကိစ္စ ဆေးထုတ်သူများကို သမ္မတထရမ့် ပြစ်တင်

အမေရိကန်မှာ ကျန်းမာရေးအတွက်သုံးတဲ့ ဆေးဝါးတွေ ဈေးကြီးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆေးဝါးထုတ်လုပ်သူတွေကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။ ဆေးဝါးထုတ်လုပ်သူတွေ၊ ကျန်းမာရေးအာမခံလုပ်ငန်းတွေနဲ့ ဆေးခန်းတွေဟာ လူအများ မတက်နိုင်တဲ့ ဆေးညွှန်းတွေပေးပြီး အကျိးအမြတ်ယူနေကြတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၁၁ ရက်နေ့မှာ ပြောပါတယ်။ သူ့ရဲ့အစိုးရအဖွဲ့အနေနဲ့ ဆေးဝါးဈေးနှုံးကျဆင်းဖို့လည်း အဆင့်ဆင့် ဆောက်ရွက်သွားမယ်၊  ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းမှာ အလွန်အမင်း ချမ်းသာကြွယ် ၀လာတာက ကြားခံလူတွေလို့ ဆိုပါတယ်။ အခွန်ထမ်းသူတွေ များလာတာကို ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ အသိုင်းအ၀န်းက အခွင့်အရေး အပြည့်အ၀ယူနေကြတယ်လို့လည်း ထရမ့်ကပြောပါတယ်။ “ပြီးခဲ့တဲ့နှစ်က ဒီကုမ္ပဏီတွေဟာ အရောင်းမြှင့်တင်ရေးအတွက် ဒေါ်လာ သန်း ၂၈၀ နီးပါး သုံးစွဲခဲ့ကြပါတယ်။ ဒါက ဆေးရွက်ကြီး၊ ရေနံ နဲ့ ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်တာတွေ အားလုံး စုပေါင်းလိုက်တာထက်တောင် ပိုများနေပါတယ်။ ကျန်းမာရေးအာမခံလုပ်ငန်းတွေနဲ့ တခြားဆက်စပ်လုပ်ငန်းတွေကလည်း ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ကာကွယ်ဖို့နဲ့ ဈေးနှုန်းမြင့်မြင့်ကို ထိန်းထားနိုင်ဖို့ ဒေါ်လာ သန်း ၂၀၀ လောက်သုံးခဲ့ကြတယ်။ ဒီလို လုပ်လာကြတာ နှစ်ပေါင်းမနည်းတော့ဘူး။” မသမာတဲ့ ထပ်ဆင့်ရောင်းဝယ်ဖောက်ကားမှုနဲ့ ကြားလူတွေ အကျိုးအမြတ်ဖြစ်ထွန်းနေ တာကို အဆုံးသတ်ပြီး ဆေးဝယ်သူတွေနဲ့ လူနာတွေဟာ ဈေးနှုန်းသက်သာနဲ့ ဆေးဝါးတွေရသင့်တယ်။ လူနာတွေကို ငွေကုန်ကြေးကျသက်သာစေဖို့ အကြံပေးတဲ့ ဆရာဝန်တွေကို အပြစ်ပေးနေတဲ့ ဆေးဝါးကျွမ်းကျင်သူတွေရဲ့ ကြီးစိုးမှုကို တားမြစ်မယ်၊ ဈေးကွက်ပြိုင်ဆိုင်မှုအတွက် မူပိုင်ခွင့်ဥပဒေကို အသုံးချနေတာကို ထိထိရောက်ရောက် အရေးယူမယ်လို့လည်း သူက ပြောပါတယ်။ မူပိုင်ခွင့်ဟာ ဆန်းသစ်တီထွင်မှုအတွက် ဆုလာဘ်တစ်ခုဖြစ်ပြီး တရားမျှတမှုမရှိတဲ့ လက်ဝါးကြီးအုပ်စီးပွားရေးကို အကာအကွယ်ပေးဖို့ မဟုတ်ဘူးလို့လည်း ထရမ့်က ပြောသွားခဲ့ပါတယ်။
3 years Ago

April 12, 2018

ဘိုကလေးမြို့ ပြည်သူ့ဆေးရုံကြီးရှိ ဆေးဆိုင်တွင် ဆေးဝါးတချို့ဈေးတက်

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ ကုတင် ၁၀၀ ပြည်သူဆေးရုံကြီးရှိ ဆေးဆိုင်မှာ ဆေးဝါးတချို့ ဧပြီ ၁၂ ရက်က ရုတ်တရက် ထက်ဝက်နီးပါးမြင့်တက်သွားလို့ လူနာတွေအတွက် အခက်အခဲဖြစ်နေပါတယ်။ ဧပြီ ၁၁ ရက်က Flumox တစ်ပုလင်းကို ၂၁၀၀ ကျပ်နဲ့ ဝယ်ယူရာကနေ ဧပြီ ၁၂ ရက်နေ့မှာ ငွေကျပ် ၃၀၀၀ ထိ မြင့်တက်သွားတဲ့အတွက် ဆေးရုံပြင်ပမှာ ဆရာဝန်ကိုအသိပေးပြီး ကြိုတင်ဝယ်ယူရဖို့ ရှိတယ်လို့ လူနာစောင့်တွေက ပြောပါတယ်။ ဘိုကလေးမြို့ ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ လူနာတွေကတော့ ဆေးရုံမှာ သောက်ဆေးကအစ ဝယ်ယူနေရတာဖြစ်ပြီး ဂွမ်းလိပ်နဲ့ပတ်တီးပဲ အလကားရတယ်လို့ ဆိုပါတယ်။ အားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ ဧပြီ ၁၀ ရက်က မြောင်းမြမြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဆေးဝါးတွေများလွန်းအားကြီးလို့ မသုံးတဲ့အတွက် သက်တမ်းလွန်ဖြစ်နေတဲ့ ဆေးတွေတောင်တွေ့ရပါတယ်လို့ ပြောကြားခဲ့တာရှိပါတယ်။ အဲဒီပြောဆိုမှုနဲ့ပတ်သက်လို့ ပြည်သူအကြား လူမှုမီဒီယာတွေမှာ ဝေဖန်မှုတွေ မြင့်တက် ခဲ့တဲ့အပေါ် ဒေါက်တာမြင့်ထွေးက သူ့ပြောဆိုခဲ့တာတွေဟာ ပြည့်စုံတိကျခြင်းမရှိကြောင်း ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဆေးဝါးတွေကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးဘဲ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သတင်းနှင့်ဓာတ်ပုံ - စိုးမိုးအောင်
4 years Ago
Up