ကလေးမြို့ ကံကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းမှာ ကျေးရွာလေးရွာကပေါင်းစုထားတဲ့ မူးယစ်ဆေးဝါးစွဲ လူနာတွေကို ယာယီဆေးဖြတ်စခန်းဖွင့်လှစ်ပြီး ဆေးဖြတ်ပေးနေပါတယ်။
“ဆေးဖြတ်တဲ့ လူတွေအတွက် စခန်းကို MANA အဖွဲ့နဲ့ပူးပေါင်းပြီး ခုလို ဖွင့်ဖြစ်တာပါ။ ဆေးဖြတ်ဖို့အတွက်တော့ မက်သဒုန်း အစားထိုး ကုသပေးတာပါ။ ဆေးကိုတော့ ကလေးမြို့ ပြည်သူ့ဆေးရုံက ဆရာဝန်တွေ ကိုယ်တိုင် စောင့်ရှောက်တိုက်ကျွေးပေးပါတယ်။” လို့ ကံကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စွာ ဝင်းက ပြောပါတယ်။
အခုလို ဆေးဖြတ်စခန်းတွေ အနေနဲ့ ကလေးခရိုင်အတွင်း သုံးနေရာ ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း (MANA) အနေနဲ့ ဆေးစွဲသူ ၂၃၁ ဦး စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
“အခု ကံကြီးမှာ အရင်တုန်းက ဆေးဖြတ်ပေးခဲ့ဖူးတယ်။ ၂ ကြိမ် အခုဆို ၃ ကြိမ်ရှိပြီ။ ပထမက ၃၀ ဦးမှာ တကယ်ပြတ်တာ ၁ ယောက်ထဲ။ နောက်ထပ်က ၁၇ ဦး။ ဒါလည်း ဖြတ်တုန်းပဲ၊ ပြီးတော့ ပြန်လုပ်ကြတာပဲ။ ဒါကြောင့် ခုတစ်ကြိမ်တော့ ပြန်ပြီး မလုပ်စေချင်တော့ဘူး" လို့ ကံကြီးရွာ ဆရာတော်က မိန့်ပါတယ်။
ကလေးခရိုင်အတွင်း တတိယအကြိမ်ဖွင့်လှစ်တဲ့ ကံကြီးကျေးရွာဆေးဖြတ်စခန်းမှာ ဆေးဖြတ်သူ ဦးရေ ၇၃ ဦး ဆေးဖြတ်နေပြီး ၁၄ ရက်အကြာထိ ဆေးဖြတ်စခန်းကို ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်လို့ ကလေးခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယ ရဲမှူးကြီး တင်ဇော်ထွန်းက ပြောပါတယ်။
မင်းရဲစစ်နိုင်
6 years Ago