ဆေးခြောက်ဟုယူဆရသော

November 17, 2016

ဆေးခြောက်ဟုယူဆရသော အရွက်ခြောက်များ သယ်ဆောင်သည့် ဇနီးမောင်နှံ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်မှာ ဆေးခြောက်လို့ ယူဆရတဲ့ အရွက်ခြောက် ၄၀ ကျပ်သားကို ဆိုင်ကယ်နဲ့သယ်ဆောင်လာတဲ့ ဇနီးမောင်နှံ ၂ ဦးကို ရဲစခန်းက ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၆ ရက် မနက်က ဖြူးမြို့နယ် ဇီးခုံကျေးရွာအုပ်စု ဖြူး-အုတ်ဖြတ်ကားလမ်း မိုင်တိုင်အမှတ် ၄/၀ အနီးမှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာကြောင်း သတင်းအရ ဖြူးမြို့မရဲတပ်ဖွဲ့က စောင့်ဆိုင်းနေစဉ် အုတ်ဖြတ်ဘက်မှ ဖြူးမြို့ဘက်သို့ လူ ၂ ဦးစီးလာတဲ့ ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက ကျောပိုးအိတ်အတွင်းမှ အဆိုပါ ဆေးခြောက်ရွက်တွေကို စစ်ဆေးတွေ့ရှိခဲ့တာပါ။ “သတင်းက ကြိုရထားတော့ စောင့်နေတာပေါ့။ သူတို့လာတော့ တားပြီးစစ်တော့ မိတာပါ။ အခုတော့ အမှုဖွင့်အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေပါတယ်" လို့ ရဲစခန်း တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။ စစ်ဆေးချက်အရ အဆိုပါဆေးရွက်တွေကို ဆိုင်ကယ်နဲ့ သယ်ဆောင်လာတဲ့ နေလင်းသိန်းဟာ အရှေ့ရိုးမတောင်ပေါ်နေ အမည်မသိ ကရင်အမျိုးသားတဦးထံမှ ငွေကျပ် ၇၀၀၀၀ နဲ့ ၀ယ်ယူခဲ့ကြောင်း၊ အဲဒီအရွက်ခြောက်တွေကို ဖြူး-ဆားဂွန်းလမ်းမှာ ချိန်းဆိုထားတဲ့ အမည်မသိလူတဦးနဲ့ တွေ့ဆုံပြီး ပြန်လည်ရောင်းချဖို့ သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆေးခြောက်လို့ယူဆရတဲ့ အရွက်ခြောက်တွေ သယ်ဆောင်လာတဲ့ ကျောက်ကြီးမြို့နယ် မုန်းမြို့ ၅ ရပ်ကွက်နေ နေလင်းသိန်းနဲ့ ဇနီးဖြစ်သူ မသီရိဝင်းတို့နှစ်ဦးကို ဖြူးမြို့မရဲစခန်းက မူးယစ်ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း)
6 years Ago
Up