ဆေးခြောက်သုံးသည့် ဆယ်ကျော်သက်ကို ဒိုက်ထိုးခိုင်းပြီး အပြစ်ပေးသည့် ရဲအရာရှိရုပ်သံ ရေပန်းစား

December 31, 2016

ဆေးခြောက်သုံးသည့် ဆယ်ကျော်သက်ကို ဒိုက်ထိုးခိုင်းပြီး အပြစ်ပေးသည့် ရဲအရာရှိရုပ်သံ ရေပန်းစား

တကယ်လို့များ တစုံတယောက်ကို ပြစ်မှုတခုခုကြောင့် ထောင်သွင်းအကျဉ်းချလိုက်မလား၊ ဒါမှမဟုတ် ဒိုက်ထိုးခိုင်းလိုက်မလားဆိုပြီး ရွေးချယ်ခိုင်းလာခဲ့မယ်ဆိုရင် ဒါဟာ တကယ့်ကို ထူးဆန်းကောင်း ထူးဆန်းနေမှာပါပဲ။ အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ်မှ ရဲအရာရှိတဦးကတော့ ဆေးခြောက်ရှူနေခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးတဦးကို ဖမ်းမိခဲ့ချိန်မှာ ဒိုက်ထိုးခိုင်းပြီး အပြစ်ပေးခဲ့တာပါ။ အခုလသီတင်းပတ်အစောပိုင်းမှာ ရဲအရာရှိ အဲရစ်ဘောလ်ဟာ တာဝန်ချိန်ပြင်ပမှာ လူတဦးရဲ့ သတင်းပေးချက်အရ ဆယ်ကျော်သက်အမျိုးသားတဦး ရုပ်ရှင်ရုံတရုံရဲ့ အဝင်ပေါက်အနီးမှာ ဆေးခြောက်သုံးနေတာကို သွားရောက်စစ်ဆေးခဲ့တာပါ။ သူ အဲဒီအနားကို ရောက်သွားခဲ့ချိန်မှာ အဲဒီအမျိုးသားက သောက်လက်စ စီးကရက်ကို လွှင့်ပစ်လိုက်ပြီး ဆေးလိပ်ထဲကို စစ်ဆေးခဲ့ချိန်မှာတော့ ဆေးခြောက်ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။ ဆယ်ကျော်သက်အမျိုးသားငယ်လေးဟာ ရဲအရာရှိစစ်မေးတာကို ရိုရိုသေသေနဲ့ အပြစ်ကျူးလွန်မိခဲ့ကြောင်း ဝန်ခံခဲ့အပြီးမှာ ရဲအရာရှိက ခုလိုဆုံးဖြတ်ခဲ့တာပါ။ ကောင်လေးဆီမှာတွေ့ရတဲ့ ဆေးခြောက်ပမာဏဟာ အသုံးပြုလို့ရလောက်တဲ့ ပမာဏ မရှိတဲ့အတွက် သူဟာ သင်ခန်းစာတခုပေးဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီဆယ်ကျော်သက်လေးကို ဒိုက်ထိုးခိုင်းခဲ့တာပါ။ “မင်း ဒိုက်အချက် ၂၀၀ ထိုးမယ်ဆိုရင် မင်းကို ငါထောင်ထဲမပို့တော့ဘူး” လို့ ရဲအရာရှိက ပြောခဲ့တာပါ။ ဒီအဖြစ်အပျက်ရုပ်သံဗွီဒီယိုဖိုင်ကို ရိုင်ဇာ ပါရာဒက်ဇ်အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့ချိန်မှာ ရေပန်းစားနေခဲ့ပါတယ်။ ရဲအရာရှိ အဲရစ်ဘောလ်က သူငယ်စဉ်က ကာယလေ့ကျင့်သင်ခန်းစာအချိန်မှာ အပြစ်တခုပြုလုပ်မိလို့ သင်ခန်းစာပေးခံခဲ့ရတာကို သတိရပြီး ခုလိုဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
5 years Ago
Up