ဆေးခြောက်

June 20, 2019

ဘာလီလေဆိပ်တွင် ဆေးခြောက်နှင့်အတူ ဖမ်းမိသည့် အမေရိကန်နိုင်ငံသား ထောင် ၅ နှစ် ချမှတ်ခံရနိုင်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းထားတဲ့ အမေရိကန်နိုင်ငံသားတယောက်ကို ထောင်ဒဏ် အနည်းဆုံးငါးနှစ် ပြစ်ဒဏ်စီရင်နိုင်တယ်လို့ အင်ဒိုနီးရှား အကောက်ခွန် အရာရှိတွေက ဇွန်လ ၁၉ ရက်မှာ ပြောပါတယ်။ နာမည်ထုတ်မပြောတဲ့ သံသယရှိသူ အမေရိကန်နိုင်ငံသားကို ဘာလီကျွန်းက နိုင်ငံတကာ လေဆိပ်မှာ ဆေးခြောက် ၄ ဒသမ ၀၇ ဂရမ်နဲ့အတူ တွေ့အပြီး ဖမ်းဆီးခဲ့တာပါ။ သူဟာ ဟောင်ကောင်ကနေ လာခဲ့သူလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ သူဟာ အနည်းဆုံး ထောင်ဒဏ်ငါးနှစ်ကနေ အများဆုံး ထောင်ဒဏ် ၁၅ နှစ်ထိ ပြစ်ဒဏ်စီရင် ခံရနိုင်တယ်လို့ ဘာလီကျွန်း အကောက်ခွန်အကြီးအကဲ ဟတ်စ်နီ ဆယိုင်ဖူက ပြောပါတယ်။ လိမ္မော်ရောင် ထောင်ဝတ်စုံ ဝတ်ထားပြီး လက်ထိပ်ခတ်ခံထားရတဲ့ သံသယရှိသူကို လက်နက်ကိုင်ရဲတွေ ခြံရံပြီး သတင်းစာရှင်းလင်းပွဲထဲ ခေါ်လာခဲ့ကာ သက်သေတွေကိုလည်း ရဲတွေက မီဒီယာတွေကို ပြခဲ့ပါတယ်။ အင်ဒိုနီးရှားဟာ မူးယစ်ဆေးနဲ့ပတ်သက်ရင် ကမ္ဘာ့အတင်းကျပ်ဆုံး ဥပဒေတချို့ကို ပြဋ္ဌာန်း ကျင့်သုံးပါတယ်။ ပြီးခဲ့တဲ့ မေလကလည်း လမ်ဘုတ်ကျွန်းပေါ်မှာ မူးယစ်ဆေး ၂ ကီလိုဂရမ်ကျော် ကုန်ကူးမှုအတွက် ပြင်သစ် နိုင်ငံသား တယောက်ကို သေဒဏ် စီရင်ခဲ့ပါတယ်။
2 years Ago

May 22, 2019

ဆေးခြောက်အနွယ်ဝင်အပင် စိုက်သူများကို သေဒဏ်ပေးနိုင်သည့် ပုဒ်မများဖြင့် တရားစွဲ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဇုန်မှာ ဆေးခြောက်အနွယ်ဝင် လျှော်ပင်စိုက်လို့ ဖမ်းဆီးထားသူတွေကို မြင်းခြံခရိုင် တရားရုံးက မနေ့က အမှုလက်ခံလိုက်ပြီး နောက်ထပ် အမေရိကန်နိုင်ငံသား ၅ ယောက်ကိုလည်း အမှုဖွင့်လိုက်ပါတယ်။ အမေရိကန်နိုင်ငံသား တယောက်နဲ့ ကုမ္ပဏီဝန်ထမ်း မြန်မာနိုင်ငံသား ၂ ယောက်တို့ကို ဧပြီ ၂၃ ရက်က ဆေးခြောက်စိုက်ပျိုးတယ်ဆိုကာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရဲစခန်းမှာ တလလောက် စစ်ဆေးပြီးတဲ့နောက် အခုမှ တရားရုံးမှာ ရုံးထုတ်စစ်ဆေးတာပါ။ သူတို့ရဲ့ ရှေ့နေဖြစ်သူ တော်ဝင် ဦးခင်မောင်သန်းက “မူးယစ်မှုနဲ့ပဲ တရားစွဲတင်တယ်။ နောက်ထပ် အမေရိကန်နိုင်ငံသား ၅ ယောက်ကိုလည်း ထပ်စွဲတယ်။ သူတို့ကတော့ 3M ကုမ္ပဏီရဲ့ ဒါရိုက်တာလူကြီး ၃ ယောက်နဲ့ ပညာရှင် ၂ ယောက်ပါ။ ပုဒ်မတွေကတော့ နဂိုက အမှုဖွင့်ထားတာမှာ အားပေးကူညီတယ်ဆိုတာ တခုကို ဖြုတ်လိုက်တယ်။ ဒါပေမယ့် ပုဒ်မ ၂၀ တခုတည်းတင် သေဒဏ်ပေးနိုင်တဲ့ ပုဒ်မလေ” လို့ ပြောပါတယ်။ ဒီအမှုကို မနေ့ညနေ ၄ နာရီခွဲလောက်မှာမှ စတင်စစ်ဆေးခဲ့ပြီး အများပြည်သူ ဝင်ရောက်ကြည့်ရှုခွင့် မရခဲ့ပါဘူး။ ဒါ့အပြင် တရားစွဲခံထားရသူတွေဟာ မိဘတွေနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ဘဲ ရုံးထုတ်မှာတော့ အဲဒီကုမ္ပဏီမှာ နေ့စားဝင်ရောက်လုပ်ကိုင်ခဲ့သူတွေနဲ့ အနားက ရွာသားတွေ လာရောက်ခဲ့ကြပါတယ်။ လက်ရှိမှာတော့ အမေရိကန်နိုင်ငံသား Mr.John Fredric Todoroki နဲ့ ကုမ္ပဏီဝန်ထမ်း ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုးတို့ကို ဖမ်းဆီးထားတာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)(ခ)၊ ၁၉(က)၊ ၂၀(က)(ခ) တို့နဲ့ တရားစွဲလိုက်တာပါ။ နောက်ထပ် တရားစွဲခံလိုက်ရတဲ့ အမေရိကန်နိုင်ငံသား Mr. Alexander အပါအဝင် ၅ ယောက်ကိုတော့ တရားခံပြေးအဖြစ် ဝရမ်းထုတ်မယ်လို့ သိရပါတယ်။ အကျိုးဆောင်ရှေ့နေ တော်ဝင်ဦးခင်မောင်သန်းကတော့ စိုက်ပျိုးထားတဲ့ အပင်တွေမှာ မူးယစ်စေတဲ့ဓာတ် ပါ၊ မပါကို စစ်ဆေးပေးဖို့ တောင်းဆိုမယ်လို့ ပြောပါတယ်။ “စိုက်ထားတဲ့အပင်တွေရဲ့ အစေ့၊ အရွက်၊ အရိုးတွေကို စမ်းသပ်တော့ Cannabis (ဆေးခြောက်မျိုးနွယ်) လို့ပဲ ပြတယ်။ ဒါဟာ Marijuana (မူးယစ်စေတဲ့ဆေးခြောက်) လား၊ Hemp (စက်မှုလျှော်ပင်) လား ဆိုတာတော့ မကွဲပြားဘူးပေါ့။ ဒီဟာမှာ မျိုးကွဲတွေ အများကြီးရှိပါတယ်။ မျိုးနွယ်တူတယ်၊ အာနိသင် လုံးဝမတူဘူး။ THC မူးယစ်စေတတ်တဲ့ အာနိသင် ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်ရမယ်။ ဓာတုစစ်ဆေးချက် အစီရင်ခံစာကို တရားရုံးမှာ သက်သေအဖြစ် တင်လာရင်တော့ ပြောရမှာပေါ့။ ဒီရုံးမှာ ပြောလို့မရရင် တရားလွှတ်တော်ချုပ်အထိ တက်ရမယ်” လို့ ပြောပါတယ်။ ဆေးခြောက်လို့ သိမ်းကျုံးသတ်မှတ်ထားရာကနေ Hemp ကို စက်မှုလျှော်အဖြစ် ခွဲထုတ်ပြီး တရားဝင်စိုက်ပျိုးခွင့်ပြုပေးဖို့ ပညာပေးလှုပ်ရှားနေတဲ့ Mahar Legalization Movement Myanmar ရဲ့ ဦးဆောင်သူတယောက်ဖြစ်တဲ့ ကိုအောင်စေတိုးက “စိတ်ကြွဆေးပြားတွေ သန်းနဲ့ချီပြီး ပိုင်ရှင်မဲ့နေတဲ့ တိုင်းပြည်၊ ဘိန်းထုတ်လုပ်မှု အမြင့်ဆုံး တိုင်းပြည်၊ လက်ရှိ ဘိန်းစိုက်ပျိုးမှု ဟက်တာပေါင်း သောင်းချီရှိနေတဲ့ တိုင်းပြည်က တရားစီရင်ရေးက အခုလို ကမ္ဘာသိဆေးဝါးသစ်ပင် စိုက်ပျိုးတာကို မူးယစ်ဆေးဝါးပုဒ်မတပ် အရေးယူတယ်ဆိုတာ သိပ်ရှက်စရာကောင်းပါတယ်” လို့ ပြောပါတယ်။ စက်မှုလျှော်ပင်နဲ့ ဆေးခြောက်ပင် ကွဲကွဲပြားပြားဖြစ်စေဖို့ ဥပဒေတခု အမြန်လိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ် စီမံကိန်းထဲမှာ 3M အာဟာရဆေးဝါးကုမ္ပဏီက ဇီဝလောင်စာနဲ့ သဘာဝဆေးဘက်ဝင် လျှော်ပင် စိုက်ပျိုးထုတ်လုပ်ဖို့ တိုင်းအစိုးရက ခွင့်ပြုထားခဲ့ပြီး လျှော်ပင် ဧက ၂၀ စိုက်ပျိုးထားခဲ့တာ ဖြစ်ပါတယ်။
2 years Ago
More News
Up