ဆေးသုတ်စရိတ်

May 30, 2018

လွှတ်တော် ဆေးသုတ်စရိတ် ကျပ်ငွေသိန်းထောင်ချီ ကုန်ကျသည့်ကိစ္စ စတင်စစ်ဆေးနေ

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွေ ပေါ်လစ်တင် ဆေးသုတ်တဲ့ ကုန်ကျစရိတ်ဟာ များပြားနေတာကြောင့် လွှတ်တော်ကိုယ်စားလှယ် ၇ ဦးလောက် ပါဝင်တဲ့ ကော်မတီဖွဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က စတင်စုံစမ်းစစ်ဆေးနေပါတယ်။ စုံစမ်းကော်မတီ ဒုဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကယားပြည်နယ်မဲ ဆန္ဒနယ်က ဦးဖြေရယ်က "ဆေးသုတ်ကိစ္စတခုပါပဲ စစ်နေတာကတော့။ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်က မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာန၊ လွှတ်တော်၊ အိမ်တော်ထိန်းသိမ်းရေးအဖွဲ့ ဆိုတာ ရှိတယ်။ အဲဒါတွေကို စစ်တာပါ " လို့ ပြောပါတယ်။ သစ်သားတံခါးတွေနဲ့ ဘောင်တွေ အပါအဝင် လွှတ်တော်အဆောက်အအုံတွေ ပေါ်လစ်တင် ဆေးသုတ်တဲ့ ကုန်ကျစရိတ်ဟာ ကျပ်သိန်းပေါင်း ၄၇၀၀ လောက် ကုန်ကျတယ်လို့ သတင်းထွက်နေပေမယ့် စုံစမ်းစစ်ဆေးရေးကော်မတီကတော့ ကုန်ကျစရိတ်ပမာဏကို အတိအကျကိုပြောဆိုခြင်းမရှိဘဲ  စစ်ဆေးနေဆဲပဲလို့ ပြောပါတယ်။ “ကျနော့်အနေနဲ့တော့ ငွေကြေးပမာဏ များတယ်ဆိုလို့ စစ်တာလောက်ပါပဲ။ အဖြေတော့ အတိအကျ မသိသေးဘူး။ စစ်တော့ စစ်ထားတယ်။ ပြောလို့လည်း မရသေးဘူးပေါ့။ ငွေကြေးပမာဏလည်း ပြောလို့ မရသေးဘူး" လို့ ဦးဖြေရယ်က ဆိုပါတယ်။ လွှတ်တော်အဆောက်အဦတွေ ထိန်းသိမ်းတာကို ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပြီး ဝန်ကြီးဌာနဘက်ဂျက်ထဲကနေ သုံးစွဲတာ ဖြစ်ပါတယ်။
4 years Ago
Up