ဆေးလိပ်

May 30, 2019

တကမ္ဘာလုံးတွင် ဆေးလိပ်ကြောင့် တနှစ်ကို လူ ၈ သန်း သေဆုံးနေဟု WHO ပြော

တကမ္ဘာလုံးမှာ ဆေးလိပ်ကြောင့် တနှစ်ကို လူ ၈ သန်း သေဆုံးနေကြရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၂၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ မေလ ၃၁ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ မတိုင်ခင် WHO အဖွဲ့က သတိပေးလိုက်တာပါ။ သေဆုံးသူ ၄၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်တာကြောင့် အဆုတ်ရောဂါနဲ့ သေဆုံးတာဖြစ်ပြီး နောက်ထပ် အယောက်တသန်းကတော့ ဆေးလိပ်ငွေ့ ရှူမိတာကြောင့် သေဆုံးရတာပါ။ သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အောက် ကလေးငယ် အရေအတွက် ခြောက်သောင်း ပါဝင်ပြီး သူတို့ဟာ ဆေးလိပ်ငွေ့ ရှူမိရာကနေ အသက်ရှူလမ်းကြောင်းထဲ ပိုးဝင်တာကြောင့် သေဆုံးရတာဖြစ်တယ်လို့ WHO အဖွဲ့ရဲ့ မကူးစက်နိုင်သော ရောဂါဆိုင်ရာ ဒါရိုက်တာ ဗီနာယတ် ပရာဆဒ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တကမ္ဘာလုံးမှာ ဆေးလိပ်သောက်သူ ၁ ဒသမ ၁ သန်းဝန်းကျင် ရှိပါတယ်။ ဆေးလိပ်ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေနဲ့ တားမြစ်ချက်တွေ ထုတ်ပြန်တာက ထိရောက်မှု ရှိပေမယ့် ဝင်ငွေကောင်းတဲ့ နိုင်ငံတွေ အများစုမှာပဲ အလုပ်ဖြစ်တယ်လို့ ပရာဆဒ်က ပြောပါတယ်။ ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာ ဆေးလိပ်သောက်သူ အရေအတွက် ဆက်မြင့်တက်နေပြီး လက်ရှိ အဲဒီနိုင်ငံတွေမှာ ဆေးလိပ်ဈေးကွက် အရောင်းမြှင့်တင်ရေး အဓိက လုပ်ကိုင်နေကြပါတယ်။ စီးကရက်အစားထိုး အီလက်ထရောနစ် စီးကရက်တွေဟာလည်း ကျန်းမာရေးအရ ပိုဘေးကင်းတယ်ဆိုတဲ့ သက်သေအထောက်အထား မရှိသေးဘူးလို့ ပရာဆဒ်က ဆက်ပြောပါတယ်။ ပြည်သူ့ကျန်းမာရေးနဲ့ ဆေးလိပ်ဆန့်ကျင်ရေး အဖွဲ့အစည်း တရာကျော်က ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်နဲ့ တွစ်တာ ကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ လူမှုမီဒီယာ စာမျက်နှာတွေပေါ်မှာ ဆေးလိပ်ကြော်ငြာတွေကို ဟန့်တားရေး မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ဖို့ အခုသီတင်းပတ် အစောပိုင်းမှာ တောင်းဆိုခဲ့ကြပါတယ်။
3 years Ago

August 15, 2018

တရက်ကို ဆေးလိပ်နှစ်ဘူးသောက်သည့် ၂ နှစ်အရွယ် အင်ဒိုကလေးငယ်

အင်ဒိုနီးရှားနိုင်ငံမှာ ဆေးလိပ်သောက်သုံးမှုကို စွဲနေတဲ့ ကလေးငယ်အရေအတွက်ဟာ တနေ့တခြား တိုးပွားလာနေပြီး ဒါဟာ တကယ့်ကို အရေးကြီးတဲ့ ပြဿနာတခု ဖြစ်လာနေတယ်ဆိုတာ ဒီကလေးက သက်သေပြနေပါတယ်။ အသက် ၂ နှစ်အရွယ်သာရှိသေးတဲ့ အဲဒီကလေးငယ်ဟာ ဂျာဗားပြည်နယ်အနောက်ပိုင်း၊ ဆူကာဘူမိဒေသမှာ နေထိုင်ပြီး သူ့ရဲ့နာမည်ကိုတော့ ရက်ပ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ သူဟာ ခုလို စွဲစွဲလမ်းလမ်း ဆေးလိပ်စွဲနေခဲ့တာ ၁ လခွဲနီးပါးလောက် ရှိခဲ့ပြီဖြစ်ကာ တနေ့ကို ဆေးလိပ် ၂ ဘူးကုန်အောင် သောက်တယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူ မာရတီကတော့ သားဖြစ်သူဟာ ကြမ်းပြင်ပေါ်က စွန့်ပစ် စီးကရက်ဖင်ဆီခံတွေကို ကောက်ယူ ရှူရှိုက်ရာကတဆင့် စွဲသွားခဲ့တာလို့ ပြောပါတယ်။ “စီးကရက်ဖင်ပိုင်းတွေကို ကောက်ယူတာက စတာပဲ။ ခုတော့ သူ ဆေးလိပ်သောက်တတ်နေပြီ။” ဖခင်ဖြစ်တဲ့ မစ်စ်ဗာဟူဒင်ကတော့ တခါတရံမှသာ ဆေးလိပ်သောက်သူတဦးဖြစ်ပြီး သားဖြစ်သူရဲ့ ခုလိုအမူအကျင့်အတွက် အံ့သြမိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒါကိုဖြေရှင်းဖို့ မိဘတွေက ပြန်လည်ကုသရေး စင်တာတခုခုဆီ ပို့ဆောင်ကုသနိုင်ဖို့ အဖြေရှာနေကြတာ ဖြစ်ပါတယ်။ ရက်ပ်ရဲ့ ဆေးလိပ်စွဲနေတဲ့ ပြဿနာအပေါ် အစိုးရက ဝင်ရောက်ဖြေရှင်းတာမျိုး၊ ကလေးငယ်အပေါ် လျစ်လျူရှုထားတဲ့ မိဘတွေကို ပြစ်မှုဆိုင်ရာ စွဲချက်တင်တာမျိုးတွေတော့ လက်ရှိမှာ ဘာမှ မသိရသေးပါဘူး။ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ အင်ဒိုနီးရှားနိုင်ငံ လူဦးရေရဲ့ ၃ ပုံ ၁ ပုံ နီးပါးဟာ ဆေးလိပ်သောက်သုံးသူတွေ ဖြစ်ကြပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေ ဆေးလိပ်သောက်သုံးမှုနှုန်းဟာလည်း မြင့်တက်နေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အင်ဒိုနီးရှားနိုင်ငံမှာ ဆေးလိပ်နဲ့ ဆက်စပ်တဲ့ ရောဂါတွေကြောင့် သေဆုံးသူဦးရေဟာ နှစ်စဉ် ခန့်မှန်းခြေ ၂ သိန်းလောက် ရှိနေတယ်လို့ ဆိုပါတယ်။
3 years Ago
Up