ဆေးမင်ကြောင်

March 8, 2019

ခြေသလုံးတွင် ဘုရားဦးခေါင်းပုံ ဆေးမင်ကြောင်ထိုးထားသည့် ဂျာမနီနိုင်ငံသားကို ပြည်ဝင်ခွင့် မပေးဘဲ ပြန်ပို့

မင်္ဂလာဒုံမြို့နယ် ရန်ကုန်လေဆိပ်မှာ ခြေသလုံးမှာ ဘုရားဦးခေါင်းပုံနဲ့တူတဲ့ ဆေးမင်ကြောင်ထိုးထားတဲ့ ဂျာမနီနိုင်ငံသား ၁ ဦးကို ပြည်ဝင်ခွင့်မပြုဘဲ ပြန်ပို့ခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ မတ်လ ၇ ရက်နေ့ မနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်လေဆိပ် Terminal-1 ပြည်ပဆိုက်ရောက် လူဝင်မှုကြီးကြပ်ရေးဌာနကောင်တာမှာ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ Jetstar လေကြောင်းလိုင်းနဲ့ ရန်ကုန်လေဆိပ်ကို လိုက်ပါလာတဲ့ ဂျာမနီနိုင်ငံသား Mr. Volker Marcus (၄၄) နှစ်ရဲ့ ယာခြေသလုံးမှာ ဘုရားဦးခေါင်းပုံနဲ့ ဆေးမှင်ကြောင်ထိုးထားတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ဂျာမနီနိုင်ငံသားကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးဝင်းမောင်က ပြည်ဝင်ခွင့်မပြုဘဲ သူလိုက်ပါလာတဲ့ Jetstar လေကြောင်းလိုင်းနဲ့ စင်ကာပူနိုင်ငံ၊ ချန်ဂီ လေဆိပ်ကို ပြန်လည်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
3 years Ago

March 2, 2018

နှစ် ၅၀၀၀ သက်တမ်းရှိ မမ်မီရုပ်အလောင်းများတွင် ဆေးမင်ကြောင်များ တွေ့ရှိ

နှစ်ပေါင်းသက်တမ်း ၅၀၀၀ ရှိ အီဂျစ်နိုင်ငံက မမ်မီဆေးစိမ် ရုပ်အလောင်း ၂ ခုပေါ်မှာ ရှေးအကျဆုံး ဆေးမင်ကြောင် ရုပ်ပုံတွေကို သုတေသီတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားဆေးစိမ်ရုပ်အလောင်းရဲ့ အပေါ်ဘက် လက်မောင်းပေါ်မှာ တောဆိတ်တကောင်နဲ့ နွားရိုင်းတကောင်ရဲ့ ဆေးမင်ကြောင်ကို တွေ့ရပြီး အမျိုးသမီးရုပ်အလောင်းရဲ့ ပခုံးနဲ့ အပေါ်ဘက် လက်မောင်းတွေပေါ်မှာ S ပုံသဏ္ဌာန် သင်္ကေတတွေ တွေ့ခဲ့တာပါ။ ဒီရှာဖွေတွေ့ရှိမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ လောက်က အာဖရိကမှာ လုပ်လေ့လုပ်ထရှိတယ်လို့ သိရပြီး ဆေးမင်ကြောင် အသေးစိတ်ကိုတော့ ရှေးဟောင်းသုတေသနသိပ္ပံဂျာနယ်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ခန္ဓာကိုယ် မနုဿဗေဒ ဗြိတိန်ပြတိုက်ရဲ့ ထိန်းသိမ်းသူနဲ့ သုတေသနစာတမ်းရဲ့ ဦးဆောင်စာရေးသူတွေထဲက တဦးဖြစ်သူ ဒန်နီယယ်အန်တိုနီက အဲဒီအချိန်ကာလက လူတွေ နေထိုင်ပုံနဲ့ ပတ်သက်ပြီး နားလည်မှုတွေကို ဒီရှာဖွေမှုက ပြောင်းလဲလိုက်တယ်လို့ ဆိုပါတယ်။ အမျိုးသားရုပ်အလောင်းကို လွန်ခဲ့တဲ့ နှစ် ၁၀၀ က တွေ့ခဲ့တာဖြစ်ပြီး ယခင် စီတီမှတ်တမ်းတွေအရ အမျိုးသားက အသက် ၁၈ နှစ်နဲ့ ၂၁ နှစ်ကြားဖြစ်ကာ နောက်ကျောဘက်က ထိုးတဲ့ ဓားဒဏ်ရာကြောင့် သေဆုံးခဲ့တာလို့ ယူဆနေပါတယ်။ အမျိုးသမီးရုပ်အလောင်းရဲ့ ပခုံးပေါ်မှာ S ပုံသဏ္ဌာန်စာသား ၄ ခု  အပေါ် အောက် စီစဉ်ထားပြီး ဒီဇိုင်းက အရေပြားအောက်မှာ ရှိပြီး အရောင်တွေကတော့ ကျပ်ခိုးရောင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ရှေးခေတ်တုန်းက အမျိုးသမီးတွေသာ ဆေးမင်ကြောင်ထိုးကြတယ်လို့ ရှေးဟောင်းသုတေသီတွေ အရင်က ယူဆခဲ့ကြပေမယ့် အခုတွေ့ရှိတဲ့ အမျိုးသား ဆေးစိမ်ရုပ်အလောင်းမှာ ဆေးမင်ကြောင်တွေ့လို့ အမျိုးသား အမျိုးသမီး ၂ ဦးစလုံး ရှေးခေတ်က ဆေးမင်ကြောင်ထိုးတာကို သိခဲ့ရတယ်လို့ ဆိုပါတယ်။ ရှေးခေတ်ဆေးမင်ကြောင်ဆိုတာ အဆင့်အတန်း၊ ရဲရင့်မှုနဲ့ အဆောင်အဖြစ် သုတေသီတွေက ယူဆကြပြီး ဒီရုပ်အလောင်းတွေကို အီဂျစ်နိုင်ငံ ခေတ်သစ်လူဇာမြို့ရဲ့ တောင်ဘက် ၄၀ ကီလိုမီတာအကွာ ဂီဘယ်လယ်အင်းမြို့မှာ တွေ့ခဲ့တာပါ။ ဆေးစိမ်ရုပ်အလောင်းတခုစီကို အုတ်ဂူထဲမှာ အထူးစီမံချက်တွေမပါဘဲ မြှုပ်နှံခဲ့ပေမယ့် အလောင်းတွေက သဲကန္တာရရဲ့ ခြောက်သွေ့မှု ဆားဓာတ်၊ အပူဓာတ်တွေနဲ့ သဘာဝအတိုင်း ဆေးစိမ်သလို ဖြစ်နေခဲ့တာပါ။ ရေဒီယိုကာဗွန်နဲ့ စမ်းသပ်မှုရလဒ်တွေအရ ဒီရုပ်အလောင်းတွေက ဘီစီ ၃၃၅၁ နဲ့ ၃၀၁၇ ခုနှစ်အကြား နေထိုင်ခဲ့တာလို့ သိရကြောင်း ဘီဘီစီသတင်းမှာ မတ်လ ၁ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up