ဆေးတက္ကသိုလ်​တက်ခွင့်မရသည့် ကျောင်းသူ၊ ကျောင်းသား ၂၀၀ ကျော်အတွက် ကတိအတိုင်း ဆောင်ရွက်ပေးရန် တောင်းဆို

January 21, 2019

ဆေးတက္ကသိုလ်​တက်ခွင့်မရသည့် ကျောင်းသူ၊ ကျောင်းသား ၂၀၀ ကျော်အတွက် ကတိအတိုင်း ဆောင်ရွက်ပေးရန် တောင်းဆို

ဆေးတက္ကသိုလ်​တက်ခွင့်မရတဲ့ ကျောင်းသူ၊ ကျောင်းသား ၂၀၀ ကျော်အတွက် ပြည်သူ့လွှတ်တော်မှာပေးထားခဲ့တဲ့ ကတိကဝတ်အတိုင်း ကျန်းမာရေးဝန်ကြီးအနေနဲ့ ဆောင်ရွက်ပေးဖို့ ​ကျောင်းသား မိဘတွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ မြန်မာတနိုင်​ငံလုံးက ဆေးတက္ကသိုလ်​ကျောင်း​တွေမှာ ​ကျောင်းသားဦးရေ ၁၂၀၀ ပြည့်မီဖို့ လိုအပ်နေတဲ့ ကျောင်းသူ ကျောင်းသား ၂၀၀ ​ကျော်အတွက် ပြည်သူ့လွှတ်တော်မှာ ပေးထားခဲ့တဲ့ ကတိကဝတ်အတိုင်း သက်ဆိုင်ရာက ဖြေရှင်းပေးခြင်းမရှိ​သေးတာ​ကြောင့် ဇန်နဝါရီ ၂၀ ရက်က သတင်းရှင်းလင်းပွဲပြုလုပ် တောင်းဆိုလိုက်တာပါ​။ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားခဲ့ပြီး ဝင်ခွင့်မရဖြစ်နေခဲ့တဲ့  ကျောင်းသား ကျောင်းသူ ၂၀၀ ကျော်ကို ကျန်းမာရေးဝန်ကြီးက ဝင်ခွင့်ရအောင်  လုပ်ပေးသွားမယ်​လို့ လွှတ်တော်မှာ ကတိ​ပေး​ပြောကြားခဲ့​ပေမယ့် ဒီ​​နေ့အချိန်အထိ ကျောင်းသားတွေဟာ ဆေးတက္ကသိုလ် တက်ရောက်ခွင့်မရဘဲ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နဲ့  တခြား​နှီးနွယ်တက္ကသိုလ်​တွေကိုသာ တက်ရောက်ခွင့်ရ​​နေ​​သေးတယ်လို့ ​ကျောင်းသားမိဘ ဒေါက်​တာတင်​​မောင်​​အေး (မြစ်​ကြီးနား)​ ပြောပါတယ်​။ တက္ကသိုလ်ဝင်စာမေးပွဲကို ရမှတ်  ၅၁၀ ကျော်နဲ့ အောင်မြင်ခဲ့ကြတဲ့ ကျောင်းသူကျောင်း သားတွေဟာ  မိမိဝါသနာပါတဲ့ ဆေးတက္ကသိုလ်တခုထဲကိုသာ ဦးစားပေးပြီး ဝင်ခွင့် ​လျောက်​ထားခဲ့ကြ​တဲ့အတွက် ဝင်ခွင့်မရရှိတဲ့အခါ တက္ကသိုလ်တက်ရောက်ခွင့် ဆုံးရှုံးနေကြ ရတာပါ။ ရန်ကုန်မြို့မှာနေတဲ့ တက္ကသိုလ်ကထိက ကျောင်းသားမိဘ ဦးစန်းလွင်က​ “ဝန်ကြီးက လွှတ်တော်မှာ ဆေးတက္ကသိုလ်က မူလသတ်မှတ်ထားတဲ့​ ကျောင်းသားဦးရေအတိုင်း ပြည့်မီအောင် တက်ရောက်ခွင့်ပြု​ပေးမယ်​။ ၂၀ လျော့နေရင် ၂၀၊  ၃၀ လျော့နေရင် ၃၀ ထပ်တိုးခေါ်မယ်လို့ပြောခဲ့တယ်။ ဒါပေမယ့် ကလေးတွေက ခုထက်ထိ တက်ရောက်ခွင့် မရကြသေးဘူး​လေ။ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်နဲ့ ဆေးနှီးနွယ်တက္ကသိုလ်တွေကိုတော့ တက်ခွင့်ပေးတယ်။ ကျနော်တို့ ဖြစ်စေချင်တာက ဆေးတက္ကသိုလ်မှာ လစ်လပ်နေတဲ့ ဦးရေတွေအတွက်ကို ဖြည့်တင်းပြီးတော့ ခေါ်ပေးစေချင်တာ”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ရက်က ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးတက္ကသိုလ်​တွေအတွက် သတ်မှတ်လူဦးရေ ၁၂၀၀ပြည့်တဲ့အထိ ခေါ်ယူပေးမှာဖြစ်တယ်လို့ ပညာရေးမြှင့်တင်မှု ကော်မတီက မေးမြန်းရာမှာဖြေကြားခဲ့ပါတယ်။ လက်ရှိမှာ​တော့ ရန်ကုန်ဆေးတက္ကသိုလ် (၁)မှာ ကျောင်းသား ၆၇ ဦး၊ ရန်ကုန် ဆေးတက္ကသိုလ်  (၂)မှာ ၅၆ဦး၊ မန္တလေးဆေးတက္ကသိုလ်မှာ ၃၇ ဦး၊ မကွေးဆေးတက္ကသိုလ်မှာ ၂၄ဦးနဲ့ တောင်ကြီး ဆေးတက္ကသိုလ်က ၂၀ ဦးစုစုပေါင်း  ၂၀၄ ဦးခန့် လစ်လပ်​နေပါတယ်။ အခုလိုလစ်လပ် ​နေရာတွေမှာ ဆေးတက္ကသိုလ်လျောက်ထားကြတဲ့ ​ကျောင်းသားကျောင်းသူ​တွေကို  အောင်​မှတ်​အလိုက် အမှတ်အစဉ်အတိုင်း အစားထိုးဖြည့် တင်းပေးဖို့ မိဘတွေက ဆန္ဒရှိ​နေကြပါတယ်​။ သတင်းစာရှင်းလင်းပွဲကို ရန်​ကုန်​၊ မန္တ​လေး၊ တောင်​ကြီး၊ ဝမ်းတွင်းနဲ့ မြစ်​ကြီးနားမြို့​တွေက ​ကျောင်းသူ-သားမိဘ၂၀​ကျော်​ တက်ရောက် ​ရှင်းလင်းခဲ့ကြပါတယ်။
2 years Ago
Up