ဆော်သြ

January 6, 2018

လက်ရွေးစင် တိုက်ခိုက်ရေး တပ်ဖွဲ့ ဖွဲ့စည်းရန် တရုတ်သမ္မတ ဆော်သြ

  လက်ရွေးစင် တိုက်ခိုက်ရေး တပ်ဖွဲ့ကို ဖွဲ့စည်းဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖိအားပေး ဆော်သြလိုက်ပါတယ်။ တကယ့်စစ်မြေပြင်နဲ့တူတဲ့ သင်တန်းတွေ ခပ်စိတ်စိတ်တိုးလုပ်ဖို့၊ ကွန်ပျူတာနဲ့ စီစဉ် ညွှန်ကြား ချိတ်ဆက်နိုင်တဲ့ စစ်တပ်ကို တည်ဆောက် စီမံခန့်ခွဲဖို့၊ ဆန်းသစ်တီထွင်ထားတဲ့ တိုက်ခိုက်ရေး အပလီကေးရှင်းတွေကို ဖန်တီးထုတ်လုပ်ဖို့နဲ့ ရန်သူတွေ ရှိန်ရ ဖြုံရလောက်တဲ့ စစ်တပ်ကို ဖန်တီးရေး အားထုတ်မှုတွေကို အာရုံစိုက်ထားဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဆော်သြလိုက်ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလယ်ပိုင်းစစ်တိုင်းကို ဇန်န၀ါရီ ၃ ရက်နေ့က သွားရောက်စစ်ဆေးချိန်မှာ ခုလိုပြောလိုက်တာပါ။ ရှီဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးချုပ်လည်း ဖြစ်သလို တရုတ် ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ရှီဟာ တင့်ကားဖျက် ဒုံးကျည်တပ်ရင်းမှာ မြေပြင်တိုက်ပွဲရဲ့ ဘုရင်လို့ နာမည်ပေးထားတဲ့ အဓိက စစ်မြေပြင်သုံး တင့်ကား ၉၉ အေ တင့်ကားပေါ် တက်ကြည့်ခဲ့ပါတယ်။ ဒုံးကျည်လွှတ်တင်တဲ့ ကားပေါ်လည်း တက်ကြည့်ပြီး လုပ်ဆောင်နိုင်စွမ်းနဲ့ ပစ္စည်း ကိရိယာတွေအကြောင်း မေးမြန်းခဲ့ပါတယ်။ လက်နက်ကိုင်တပ်တွေဟာ သိပ္ပံနဲ့ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုအပေါ် အာရုံစိုက်ထားသင့်တယ်၊ နည်းပညာ အားသာချက်ကိုယူပြီး တိုက်ခိုက်ရေးနဲ့ တိုက်နိုင်စွမ်း အားသာချက်အဖြစ် ပြောင်းယူသင့်တယ်လို့ ရှီက ပြောပါတယ်။ တိုက်ပွဲအတွေးအခေါ်နဲ့ ဗျူဟာတွေကို ဆန်းသစ်တီထွင်ဖို့နဲ့ တကယ့်တိုက်ခိုက်ရေး သင်တန်းတွေကို အဆင့်မြှင့်ဖို့ စစ်ပွဲအနိုင်ရ နိုင်စွမ်းတွေကိုလည်း တောင်းဆိုပါတယ်။ တပ်တွေနဲ့ စနစ်တွေ အမျိုးမျိုးကြား ညှိနှိုင်းဆောင်ရွက်မှု အရေးကြီးတယ်လို့ ဖိအားပေး ပြောဆိုပြီး သတင်းအချက်အလက်၊ တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဖန်တီးရာမှာ ပိုတိုးပြီး အားထုတ်ဖို့ကိုလည်း သူက တောင်းဆိုပါတယ်။ ဒီပွဲကို ဗဟိုစစ်ကော်မရှင် ဥက္က၊ ရှုချီလိုင်၊ ကျန်းယို့ရှာနဲ့ တခြားအကြီးတန်းစစ်ဘက် အရာရှိတွေလည်း တက်ရောက်ခဲ့ပါတယ်။
5 years Ago

December 3, 2017

အီရတ်ပြည်သူ့စစ်အားလုံး ဖျက်သိမ်းရန် ပြင်သစ်သမ္မတ ဆော်သြ

ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခွန်းက အီရတ်နိုင်ငံအတွင်းက ပြည်သူ့စစ် အားလုံးကို ဖျက်သိမ်းဖို့ ဒီဇင်ဘာ ၂ ရက်က အီရတ်အစိုးရကို ဆော်သြလိုက်ပါတယ်။ အီရတ်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားပြီး အီရန်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ (PMF) တပ်အပါအဝင် ပြည်သူ့စစ်အားလုံးကို ဖျက်သိမ်းဖို့ အနောက်နိုင်ငံ ခေါင်းဆောင် တယောက်က ရှားရှားပါးပါး လူသိရှင်ကြား ဆော်သြလိုက်တာပါ။ ကာဒစ်ရှ် ဒေသန္တရ အစိုးရရဲ့ ဝန်ကြီးချုပ် နီရှီယာဗန် ဘာဇာနီ နဲ့ ဒုဝန်ကြီးချုပ် ကူဘတ် တယ်လာဘာနီတို့နဲ့ အစည်းအဝေးအပြီး ခုလို ဆော်သြလိုက်တာပါ။ အမြင်မတူကြတဲ့ အနောက်အင်အားကြီး နိုင်ငံတွေ၊ အီရန်နဲ့ အစ္စလာမ္မစ် နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ တိုက်ပွဲအတွင်း အီရတ် အစိုးရရဲ့ မဟာမိတ် ပြည်သူ့စစ်တွေကြား ခက်ခက်ခဲခဲ ဟန်ချက် ထိန်းညှိရလိမ့်မယ်လို့လည်း မက်ခွန်းက ပြောပါတယ်။ အီရတ် အခြေခံဥပဒေရဲ့ မူဘောင်အောက်မှာ ဗဟိုအစိုးရနဲ့ တစိတ်တပိုင်းကိုယ်ပိုင် လွတ်လပ်ခွင့်ရ ကာဒစ်ရှ် အစိုးရတို့ကြား ဆွေးနွေးညှိနှိုင်းကြဖို့လည်း မက်ခွန်းက ဆော်သြပါတယ်။ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲအတွင်း ကာဒစ်ရှ် ဒေသထဲက အီရတ်အစိုးရရဲ့ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောပါတယ်။ ကာဒစ် ဒေသန္တရ အစိုးရဟာ သွေးစည်းညီညွတ်တဲ့ အီရတ်နိုင်ငံ ဖြစ်ရေး တည်ဆောက်ဖို့ အသင့်ပဲလို့လည်း ဘာဇာနီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
5 years Ago
Up