ယီမင်နိုင်ငံ ဟိုဒေးတာပြည်နယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့က ဆော်ဒီဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဝ ဦး သေဆုံးခဲ့တယ်လို့ ဆေးဘက်ဝန်ထမ်းတွေနဲ့ ဟူသီမီဒီယာက ဆိုပါတယ်။
ဂျာဘယ်အက်စ်မြို့ရှိ ဟူသီစစ်ဆေးဂိတ်တခုကို လေကြောင်းတိုက်ခိုက်ခဲ့လို့ အဲဒီစစ်ဆေးရေးဂိတ်ကိုဖြတ်တဲ့ ကားတစီး ထိမှန်ပြီး ကားပေါ်လိုက်ပါလာသူ ၁ဝ ဦး သေဆုံးခဲ့တာပါ။
သေဆုံးသူတွေထဲမှာ ၈ ဦးဟာ တမိသားစုထဲကဖြစ်တယ်လို့လည်း ဆေးဘက်ဝန်ထမ်း တွေက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ဟူသီလှုပ်ရှားမှုအဖွဲ့ရဲ့ တီဗွီရုပ်သံကတော့ လူ ၁၇ ဦး သေဆုံးပြီး အတော်များများဟာ အခြေအနေ စိုးရိမ်ရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီကိစ္စအပေါ် အလေးနက်ထားပြီး သေသေချာချာစုံစမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။
အာရေဗျကျွန်းဆွယ်အတွင်း အဆင်းရဲဆုံးနိုင်ငံဖြစ်နေတဲ့ ယီမင်မှာ စစ်ပွဲကြောင့် လူ ၁ဝ,ဝဝဝ ကျော် သေဆုံးခဲ့ပြီး လူပေါင်း နှစ်သန်းကျော် နိုင်ငံကနေ စွန့်ခွာခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago