ဆော်ဒီအာရေးဗျ

March 26, 2018

ဟူသီစစ်သွေးကြွများ ပစ်လိုက်သည့် ဒုံးကျည် နေအိမ်တလုံးပေါ်သို့ကျ၊ ၁ ဦး သေဆုံး

ယီမင်နိုင်ငံက ဟူသီစစ်သွေးကြွတွေ ပစ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် ၇ စင်းကို မတ်လ ၂၅ ရက်နေ့မှာ ပစ်ချခဲ့တယ်လို့ ဆော်ဒီလေကြောင်းတပ်ဖွဲ့က ပြောပါတယ်။ ပစ်ချလိုက်တဲ့ ဒုံးကျည်အပျက်အစီးတွေ နေအိမ်တလုံးပေါ် ကျခဲ့လို့ အီဂျစ်နိုင်ငံသားတဦး သေဆုံးပြီး နောက်ထပ်လူတချို့ ဒဏ်ရာရခဲ့တယ်လို့ ဆော်ဒီအာရေးဗျ အစိုးရပိုင် သတင်းအေဂျင်စီ SPA က ဖော်ပြပါတယ်။ ဟူသီသူပုန်တွေဟာ ရီယတ်ဒ်မြို့ အရှေ့ပိုင်းကို ဒုံးကျည်သုံးစင်း၊ တောင်ပိုင်းမြို့တွေဖြစ်တဲ့ နာဂျရန်၊ ဂျီဇန်၊ ခါမစ်မူရှစ်တို့ကို လေးစင်း ပစ်လွှတ်ခဲ့တာလို့ ယီမင်နိုင်ငံမှာ ဟူသီသူပုန် နှိမ်နင်းရေးလုပ်နေတဲ့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ကြေညာပါတယ်။ အခုတိုက်ခိုက်မှုဟာ ဟူသီသူပုန်တွေက ရီယတ်ဒ်မြို့ပေါ်ကို ၅ လအတွင်း ၃ ကြိမ်မြောက် ဒုံးကျည်နဲ့တိုက်ခိုက်တာ ဖြစ်ပါတယ်။
4 years Ago

March 9, 2018

ကားမောင်းခွင့် ရတော့မည်ဖြစ်သဖြင့် ဆော်ဒီအမျိုးသမီးများ ကားမောင်းသင်

ဆော်ဒီအာရေးဗျနိုင်ငံမှာ လအနည်းငယ်အတွင်း အမျိုးသမီးတွေကို မော်တော်ကားမောင်းခွင့် ပြုတော့မှာဖြစ်တဲ့အတွက် ဆော်ဒီအမျိုးသမီးတွေ ကားမောင်းသင်နေကြပါတယ်။ နိုင်ငံတလွှားမှာရှိတဲ့ အမျိုးသမီးသီးသန့် တက္ကသိုလ်တွေဟာ အမျိုးသမီးတွေကို ကားမောင်းသင်ပေးတော့မှာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုဟာ အမျိုးသမီးတွေအတွက် လိုအပ်တဲ့ လွတ်လပ်ခွင့်ကို ဆောင်ယူပေးမှာ ဖြစ်ပါတယ်။ “ဆော်ဒီအာရေးဗျမှာ မိသားစုအများစုက အိမ်မှာ ဒရိုင်ဘာတွေငှားတော့ ဒါက ကုန်ကျစရိတ် လျော့နည်းစေမှာပါ။ ဒီက လူနေမှုကုန်ကျစရိတ်ကို လျှော့ချပေးမှာပါ” လို့ ကျောင်းသူနဲ့ ကားမောင်းသင်သူ အိုင်အီရှာ အဘတ်စ်က ပြောခဲ့ပါတယ်။ ဆော်ဒီအာရေးဗျမှာရှိတဲ့ အမျိုးသမီး အတော်များများဟာ အလုပ်သွားတဲ့အခါဖြစ်စေ၊ တခုခု လိုအပ်တဲ့အခါဖြစ်စေ လိုက်ပို့ပေးဖို့ ခင်ပွန်း ဒါမှမဟုတ် မိသားစုဝင်ယောက်ျားတဦး လိုအပ်ပါတယ်။ အခုလို အမျိုးသမီးတွေကို ကားမောင်းခွင့်ပြုတာဟာ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတရပ်လည်း ဖြစ်ပါတယ်။ “အမျိုးသမီးတွေအဖို့ လွတ်လပ်သွားပါတယ်။ သူများအပေါ် မှီခိုနေရပြီး ကိုယ့်ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေမယ့်အစား ကျမတို့ဘာသာ လုပ်နိုင်ပြီလေ။ ကျမတို့အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်လို့ရပြီ။ ကျမတို့အတွက် ဘဝဟာ သိပ်ကို ရိုးရှင်းသွားမှာပါ” လို့ ကားမောင်းသင်သူ ဖာတီမာ ဟာရွန်းက ပြောပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်မန်ဟာ နိုင်ငံရဲ့ ရှေးရိုးစွဲစည်းမျဉ်းတွေကို ဖြေလျှော့ပေးဖို့ ပြုပြင်ပြောင်းလဲရေး အတော်များများကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေကို အားကစားပွဲကြည့်စင်တွေမှာ ကြည့်ခွင့်ပေးတာ၊ ဂီတဖျော်ဖြေပွဲတွေ ပြန်လည်ကျင်းပခွင့်ပြုတာနဲ့ ဆယ်စုနှစ် ၃ ခုကြာ တားမြစ်ထားတဲ့ ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ဖို့ ကတိပြုတာတွေ ပါဝင်ပါတယ်။
4 years Ago
Up