ဆော်ဒီအာရေဗျက ဒေသတွင်း ဓာတ်ဆီဈေးများ မြှင့်တင်

January 1, 2018

ဆော်ဒီအာရေဗျက ဒေသတွင်း ဓာတ်ဆီဈေးများ မြှင့်တင်

ဆော်ဒီအာရေဗျအစိုးရက ဒေသတွင်း ဓာတ်ဆီဈေးကို ဇန်န၀ါရီ ၁ ရက်ကစပြီး မြှင့်တင်ခဲ့တယ်လို့ အစိုးရ သတင်းဌာန SPA က ဖော်ပြပါတယ်။ စွမ်းအင်သုံးစွဲမှု ပိုပြီး ထိရောက်ဖို့ ရည်ရွယ်တဲ့ ဒီဈေးမြှင့်မှုဟာ ရေနံကနေ ပြန်ရငွေ အရင်းအမြစ် တိုးမြှင့်မယ့် ပြုပြင်ပြောင်းလဲရေး စီမံကိန်းနဲ့ တိုက်ဆိုင်နေပါတယ်။ ဆော်ဒီဟာ ကမ္ဘာ့ထိပ်တန်း ရေနံတင်ပို့သူ နိုင်ငံပါ။ အောက်တိန်း ၉၁ ဓာတ်ဆီက တလီတာကို ၀.၇၅ ရီယယ်နဲ့ ရောင်းနေရာက ခုတော့ ၁.၃၇ ရီယယ်ထိ မြင့်တက်သွားပါတယ်။ အောက်တိန်း ၉၅ ဓာတ်ဆီကတော့ တလီတာကို ၀.၉ ရီယယ်ကနေ အခု ၂.၀၄ ရီယယ်ထိ မြင့်တက်သွားခဲ့ပါတယ်။ ကုန်ကားတွေအတွက် ဒီဇယ်ဈေးနှုန်းကိုတော့ အပြောင်းအလဲမရှိ နဂိုအတိုင်း ဆက်ထားပါတယ်။ မြို့တော် ရိယာ့ဒ်က ကားမောင်းသူတွေက ဈေးမြှင့်တာကို မကျေနပ်ကြောင်း မနေ့က ပြောခဲ့ကြပါတယ်။ တခြားလူတွေကတော့ ဒီဆုံးဖြတ်ချက်ဟာ တိုင်းပြည် ကောင်းကျိုးနဲ့ စီးပွားရေးအတွက် ဖြစ်တယ်လို့ ပြောကြပါတယ်။ ဘုရင် ဆယ်လ်မန်ဟာ အစိုးရ ဘဏ္ဍာရေး လိုငွေပြမှုကို ခြေမှုန်းဖို့ရက်စွဲကို ၂၀၂၃ ခုနှစ်အဖြစ် ပန်းတိုင်ပြောင်းလဲ သတ်မှတ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်က ကြေညာခဲ့ပါတယ်။ စီးပွားရေး တိုးတက်မှုအပေါ် ဖိအားကို လျှော့ချဖို့ အရင်သတ်မှတ်ထားတဲ့ ၂၀၂၀ မှာ ဘဏ္ဍာရေး လိုငွေပြမှုရပ်မယ့် ပန်းတိုင်ကို ၃နှစ် အချိန်ရွှေ့လိုက်တာ ဖြစ်ပါတယ်။
3 years Ago
Up