ရေနံဈေးနှုန်းကျလို့ ဘဏ္ဍာရေး ထိခိုက်နေတဲ့ ဆော်ဒီအာရေဗျအစိုးရက စံချိန်တင် ဘဏ္ဍာရေး လိုငွေပြမှုကို လျှော့ချဖို့ စီစဉ်နေပါတယ်။
ကုန်ကျစရိတ် လျှော့ချရေး၊ စွမ်းအင်အမတော်ကြေး ပြုပြင်ပြောင်းလဲမှု၊ အခွန်နဲ့ ပုဂ္ဂလိကပြုမှုကနေ ပြန်ရငွေ တိုးမြှင့်ဖို့ စီမံကိန်းတွေကိုလည်း ကြေညာလိုက်ပါတယ်။
၂၀၁၆ ရသုံးမှန်းခြေ ငွေစာရင်းကို ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။
ဒါဟာ ဆယ်စုနှစ်တခုကျော်အတွက် ကမ္ဘာ့ထိပ်တန်း ရေနံတင်ပို့သူ ဆော်ဒီအတွက် စီးပွားရေးမူဝါဒကို အကြီးဆုံး ကိုင်လှုပ်မှုလည်း ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ကြီး (အိုင်အမ်အက်ဖ်) ကတော့ ဆော်ဒီအစိုးရက စည်းကြပ်မှုတွေ မလုပ်ရင် အချိန်ငါးနှစ်အတွင်း ငွေပြတ်သွားနိုင်တယ်လို့ အောက်တိုဘာလက သတိပေးခဲ့ပါတယ်။
အစိုးရဟာ ၂၀၁၅ မှာ ဘဏ္ဍာရေးလိုငွေ ဒေါ်လာ ၉၇ ဒသမ ၉သန်း ရှိခဲ့ပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၁၅ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
၂၀၁၆ ဘဏ္ဍာရေး စီမံကိန်းထဲမှာ အသုံးစရိတ် ၃၂၆ ဘီလျံ ဖြတ်တောက်ဖို့ ရည်မှန်းထားပါတယ်။
ဒီနည်းနဲ့ နိုင်ငံပြင်ပမှာထားတဲ့ ပိုင်ဆိုင်မှုတွေကို ငွေဖြစ်အောင်လုပ်ပြီး ကုန်ကျစရိတ်ကို ပေးရမယ့် ဖိအားကို သက်သာစေခဲ့ပါတယ်။
ဒီနှစ်မှာ ဘဏ္ဍာရေး အသုံးစရိတ် ၉၇၅ ဘီလျံ ရှိရာက လာမယ့်နှစ်မှာ ၈၄၀ ဘီလျံသာ သုံးဖို့ ရည်မှန်းထားပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနက အစိုးရစီမံကိန်းတွေကို ပိုထိရောက်အောင်သုံးဖို့နဲ့ လိုအပ်မှုနဲ့ တတ်နိုင်မှုရှိတာ သေချာစေဖို့ ပြန်သုံးသပ်မယ်လို့ ပြောပါတယ်။
လာမယ့်ငါးနှစ်အတွင်း ရေနံထွက်ကုန်၊ လျှပ်စစ်နဲ့ ရေအတွက် အမတော်ကြေးတွေကိုလည်း ပြန်ပြီး ညှိနှိုင်းမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒီအရေးဟာ နိုင်ငံရေးအရ အထိခိုက်မခံတဲ့ ခြေလှမ်းပါ။
ဆော်ဒီဟာ လူမှုဖူလုံရေး လုပ်ဆောင်ချက်အရ ကမ္ဘာ့အနိမ့်ဆုံး ပြည်တွင်းကုန်ဈေးနှုန်းကို ထိန်းထားခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။
အပြောင်းအလဲတွေဟာ စွမ်းအင်သုံးစွဲမှုကို ပိုပြီး ထိရောက်စေရေးနဲ့ သဘာဝ သယံဇာတတွေကို ထိန်းသိမ်းဖို့ ဝင်ငွေနည်းနဲ့ ဝင်ငွေ အလယ်အလတ် လူတန်းစား နိုင်ငံသားတွေအပေါ် အဖျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ နည်းပါးစေဖို့ ရည်ရွယ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
စီးပွားရေးလုပ်ငန်းတွေနဲ့ ကဏ္ဍတွေကို ပုဂ္ဂလိကပိုင် ပြုရေးလည်း ပြုပြင်ပြောင်းလဲမှုထဲမှာ ပါပေမယ့် အသေးစိတ် အချက်အလက်ကိုတော့ မပြောခဲ့ပါဘူး။
အစိုးရက ဒေသတွင်း တခြားနိုင်ငံတွေလိုပဲ တန်ဖိုးမြှင့်ခွန်ကို စတင်မိတ်ဆက်ဖို့ စီမံနေပါတယ်။
ဒါ့အပြင် ဆေးလိပ်နဲ့ အချိုရည်တွေအပေါ် အခွန်ကို မြှင့်တင်မယ်လို့ ဝန်ကြီးဌာနက ပြောပေမယ့် အချိန်သတ်မှတ်ချက်ကိုတော့ မပေးခဲ့ပါဘူး။
7 years Ago