ဆော်ဒီလူငယ်

April 27, 2017

အမျိုးသားနှင့်အမျိုးသမီးများ ကခုန်ကြသည့်ရုပ်သံတင်မှုဖြင့် ဆော်ဒီလူငယ် သေဒဏ်ချခံရ (ရုပ်သံ)

ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ အစ္စလာမ်ဘာသာ၊ တမန်တော်မိုဟာမက်တို့နဲ့ မပတ်သက်ကြောင်း ပြစ်မှားစော်ကားတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက်စာမျက်နှာပေါ် တင်ခဲ့တဲ့  လူငယ်တဦးဟာ သေဒဏ်ပေးခံခဲ့ရပါတယ်။ အာမက် အယ်လ်ရှမ်ရီ အမည်ရတဲ့ အဲဒီလူငယ်ဟာ အသက် ၂၀ ဝန်းကျင်သာ ရှိသေးပြီး ဟက်ဖ်ဖာ အယ်လ်ဘာတင်မြို့မှာ နေထိုင်တာဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက အဲဒီစွဲချက်တွေနဲ့ ထိန်းသိမ်းခံထားရတာပါ။ သူ အင်တာနက်စာမျက်နှာပေါ်တင်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေပါဝင်တဲ့ လူအုပ်စုကြီးဟာ အတူတကွ ကခုန်နေခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီဗွီဒီယိုဖိုင်ကြောင့် သူဟာ အစ္စလာမ်ဘာသာကို ပြစ်မှားစော်ကားတဲ့ စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာပါ။ အဲဒီလူငယ်ဘက်က ရှေ့နေတွေက သူဟာ မူးယစ်ဆေးသုံးကာ အရက်အလွန်အကျွံ သောက်ထားခဲ့ပြီး နည်းပညာမကျွမ်းကျင်မှုကြောင့်ဖြစ်တယ်လို့ ချေပခဲ့ပေမယ့် ဗဟိုတရားရုံးကတော့ ပယ်ချခဲ့ပြီး ထိရောက်တဲ့ သေဒဏ်ပေးဖို့ အမိန့်ချခဲ့တာ ဖြစ်ပါတယ်။ ဒီပြစ်ဒဏ်အပေါ် အင်တာနက်စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေလည်း မြင့်တက်နေခဲ့တာဖြစ်ပြီး တယောက်ကတော့ “တကယ်လို့ ခင်ဗျားဟာ မျက်ကန်း ဘာသာမဲ့တယောက်ဆိုရင် ဒါက အဆင်ပြေပါတယ်။ ဒါပေမယ့် လူအများကြားမှာ ဘုရားသခင်၊ ဒါမှမဟုတ် ဘာသာရေးနဲ့ပတ်သက်ပြီး တကြိမ်လောက် ဝေဖန်မိတာနဲ့ (ဒီနိုင်ငံမှာ) အပြစ်ပေးခံရမှာပါပဲ” လို့ မှတ်ချက်ရေးခဲ့တာပါ။ ဆော်ဒီအာရေးဘီးယားနိုင်ငံဟာ သေဒဏ်ပေးပြစ်ဒဏ်ချမှတ်ကာ လူ့အခွင့်အရေး  ချိုးဖောက်မှုတွေကြောင့် ကမ္ဘာတလွှား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက အကြိမ်ကြိမ်စောင့်ကြည့်နေရတဲ့ အခြေအနေတခုမှာ ရှိနေတာပါ။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ကွပ်မျက်သတ်ဖြတ်မှု ပြစ်ဒဏ်ပေးခဲ့တဲ့ ဦးရေ ၁၅၃ ဦးရှိခဲ့ပြီး အများစုကတော့ မူးယစ်ဆေးဝါး မှောင်ခိုကုန်သွယ်မှုနဲ့ လူသတ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up