ဆော်ဒီညွန့်ပေါင်းတပ်ဖွဲ့

June 26, 2018

ယီမင်တွင် ဆော်ဒီ ညွန့်ပေါင်းတပ်ဖွဲ့ လေကြောင်းတိုက်ခိုက်၊ ၉ ဦးသေဆုံး

ယီမင်နိုင်ငံမြို့တော် ဆန်နာရဲ့ မြောက်ဘက် ကီလိုမီတာ ၅၀ အကွာလောက်မှာရှိတဲ့ အမ်ရမ်မြို့ကို ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က ဇွန်လ ၂၅ ရက်နေ့မှာ  လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၉ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများစု ပါဝင်ပါတယ်။ အခုတိုက်ခိုက်မှုကြောင့် နောက်ထပ် လူ ၂၀ လောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတဦးက ပြောပါတယ်။ ယီမင်နိုင်ငံမှာ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်အဖွဲ့နဲ့ ဆော်ဒီဦးဆောင်တဲ့ အာရပ် စစ်ရေးညွန့်ပေါင်းအုပ်စုတို့ စစ်ဖြစ်ပွားနေတာပါ။ ၂၀၁၄ ခုနှစ်က မြို့တော် ဆာနာ အပါအဝင် ယီမင်မြောက်ပိုင်းပြည်နယ်အားလုံးကို ဟူသီတပ်ဖွဲ့က သိမ်းပိုက်တဲ့ အချိန်ကစပြီး ပြည်တွင်းစစ်မီး စတင်ခဲ့တာပါ။ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ကလည်း ၂၀၁၅ ကစလို့ ယီမင်ပြည်တွင်းစစ်မှာ ပါဝင်လာခဲ့ပြီး ပြည်ပကို ထွက်ပြေးခဲ့ရတဲ့ ယီမင်သမ္မတ မန်ဆူ ဟာဒီကို ထောက်ခံပေးနေပါတယ်။ ဇွန်လ ၁၃ ရက်နေ့ကတော့ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဟာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီး မဟာဗျူဟာကျတဲ့ ဟိုးဒေဒါဆိပ်ကမ်းမြို့ကို ဟူသီသူပုန်တွေ လက်ထဲကနေ ပြန်လည်သိမ်းယူခဲ့ပါတယ်။
3 years Ago
Up