ဆော်ဒီကလေးငယ်

August 23, 2017

လမ်းမပေါ် စပိန်အကသီချင်းဖြင့် ကခုန်ခဲ့သည့် ဆော်ဒီကလေးငယ် ဖမ်းဆီးခံရ (ရုပ်သံ)

ဆော်ဒီအာရေးဗျနိုင်ငံမှာ လမ်းမပေါ် သီချင်းနဲ့ကခုန်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက် ကလေးငယ်တဦးကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ အဲဒီကလေးငယ်ဟာ စပိန်နာမည်ကြီး အကသီချင်းတပုဒ်ဖြစ်တဲ့ မာကားရီးနာ (Macarena) နဲ့ လူသူရှုပ်ထွေးတဲ့ ကားလမ်းမပေါ်မှာ ကခုန်ခဲ့တာပါ။ ခုလို ကခုန်ခဲ့တာဟာ အများပြည်သူကြား အမြင်မသင့်တဲ့ အပြုအမူဖြစ်တယ်လို့ ဂျက်ဒါ (Jeddah) မြို့ အာဏာပိုင်တွေရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဘယ်လိုအပြစ်ပေး အရေးယူတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။ အချိန် ၄၅ စက္ကန့်သာကြာမြင့်တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ တွစ်တာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေခဲ့တာဖြစ်ပြီး အင်တာနက်အသုံးပြုသူတွေကြားမှာ အငြင်းပွားစရာ ဖြစ်နေခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ နိုင်ငံအနောက်ဘက် ဂျက်ဒါမြို့မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လကတည်းက အင်တာနက်စာမျက်နှာပေါ် တင်ခဲ့ကာ ခုချိန်မှာ တကျော့ပြန် လူသိများနေခဲ့တာ ဖြစ်ပါတယ်။ တချို့ကလည်း ဒါဟာ သူရဲကောင်းဆန်တဲ့ အပြုအမူအဖြစ် ကလေးငယ်ကို ချီးကျူးနေခဲ့ကြတာ ဖြစ်ပါတယ်။ တချို့ကတော့ ခုလိုအပြုအမူဟာ မယဉ်ကျေးရာရောက်တယ်လို့ ဝေဖန်ခဲ့ကြတာပါ။ ဆော်ဒီအာရေးဗျနိုင်ငံဟာ ဘာသာရေးစည်းမျဉ်းတွေနဲ့ တင်းကျပ်တဲ့နိုင်ငံ တနိုင်ငံဖြစ်ပြီး အခုလ အစောပိုင်းကလည်း သီဆိုဖျော်ဖြေချိန်မှာ ဒပ်ဘင်အက ကခဲ့တဲ့ အဆိုတော်တဦးကို အရေးယူခဲ့ပါသေးတယ်။
4 years Ago
Up