ဆောင်းပါး

March 11, 2020

အဖြေသိပုစ္ဆာက ရလိုက်သည့်အမြတ် 

ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၁၀ ရက်က စတင်ပြီး အခြေခံဥပဒေကို ဒုတိယအကြိမ်  ပြင်ဆင်ချက်သည့် ဥပဒေမူကြမ်းကို ၉ ရက်ကြာ မဲခွဲဆုံးဖြတ်နေကြသည်။ ပုဒ်မ ၄၃၆ (က)နှင့် အကျုံးဝင်သည့် အရေးပါသောပြင်ဆင်ချက်များ မဲအများစုရသော်လည်း ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ရှုံးနိမ့်သွားသည်။ ရှုံးနိမ့်သွားခြင်းအပေါ်တွင် ပြည်သူလူထု၏ တုန့်ပြန်မှုမှာတည်ငြိမ် နေသည်။ “နကမ္ပတိ”။ တုံလှုပ်ခံစားရဟန်မပြ။ အားလုံးက “အဖြေသိပြီးသားပုစ္ဆာတပုဒ်မျှသာ” သဘောထားဟန် ရှိသည်ကို တွေ့ရသည်။ ခြေ/ဥဖျက်သိမ်းရေးသမားများကလည်း “အစကတည်းက ငါတို့မပြောလား”ဟူသောမျက်နှာပေးဖြင့် ထေ့ပြုံးကလေး ပြုံးနေမည်မလွဲပင်။ အချို့သော နိုင်ငံရေးလေ့လာသုံးသပ်သူတို့ကမူ ဖွဲ့စည်းပုံအခြေခံဥပဒေမရေးဆွဲမီ အမျိုးသားညီလာခံအစကတည်းက အစဉ်တစိုက်ငြင်းပယ်ခဲ့ကြသည်ပင်။ ညီလာခံကိုလည်း မတရားသောနည်းဖြင့်ဘောင်ဝင်အောင်ပြုလုပ်ခြင်းကြောင့် ‘အန်အယ်လ်ဒီ’ သည်ပင် ညီလာခံမတက်ပဲ ဆန့်ကျင်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတော့လည်း ဆန့်ကျင်ခဲ့ကြသည် ပင်။ မထောက်ခံကြ။ ယုံကြည်မှုလည်းမရှိခဲ့ကြ။ ဖွဲ့စည်ပုံအခြေခံဥပဒေအတည်ပြုစဉ်ကလည်း အကြောက်အကန် ငြင်းဆန်ခဲ့ကြသည်။ နာဂစ်ဖွဲ့စည်းပုံဟုပင်အမည်သညာပြုခဲ့ကြသည်။ မှန်ပါသည်။ ၂၀၀၈ခုနှစ်က မြန်မာပြည်သည် သဘာဝဘေးဒဏ်ကို အကြီးမားဆုံးခံခဲ့ရသည်။ နာဂစ်ကြောင့် လူပေါင်း သိန်းချီသေကျေပျက်စီးကြရသည့်အပြင် အိုးအိမ်စည်းစိမ်များလည်း ဆုံးရှုံးခဲ့ရသည်။ အိုးမဲ့အိမ်မဲ့ စားသောက် စရာမရှိ အတိဒုက္ခရောက်နေချိန်။ အချို့ဆိုလျှင် အမိအဖ၊ ညီအကို၊ မောင်နှမ သားသမီးတို့ သေသည်ရှင်သည်မသိ ပူဆွေးသောကဖြစ်နေချိန်။ ဤသို့သောအခြေနေတွင် နိုင်ငံတကာကလည်း ‘ဖွဲ့စည်းပုံအခြေခံဥပဒေ’အတည်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအား ရွှေ့ဆိုင်းပေးရန် တောင်းပန်ခဲ့ကြသည်။ ပြောမရ၊ ဆိုမရ ။ “ပြည်သူ့အခက် မသမာသူတို့အချက်” ဖြင့်ကြည့်မြင်ခဲ့ကြဟန်ရှိသည်။ ခြေ/ဥ၏ ပြည်လုံကျွတ်ဆန္ဒခံယူပွဲတွင်လည်း မြန်မာတို့သဘာအတိုင်း Vote No နှင့် No Vote ကွဲခဲ့ပြန်သည်။ အချို့က မဲပင်မထည့်ခဲ့ကြ။ မဲထည့်သူအများစုကလည်း လောလောလတ်လတ် ခံစားနေရသော နာဂစ်ဒဏ်အပြင် မကြာမတင်မီလေးတွင်မှ ဖြစ်ပွားခဲ့ရသော ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံအတွင်း ကျဆုံးခဲ့ကြသော ပြည်သူလူ ထုနှင့် ဘုန်းတော်ကြီးတို့အတွက် ခစားချက်ကမပျယ်သေးသောအချိန်တွင် ဆန့်ကျင်ကန့်ကွက်ခဲ့ကြမည်မလွဲပင်။ သို့သော် ၂၀၀၈ မေလ ၁၅ ရက်နေ့တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုလိုက်သည်။ မျက်ရည်၊ သောကက၊ ပရိဒေဝမီးတို့ဖြင့်လိမ်းကျံ၍ မီးပြင်းတိုက် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအဖြစ် လူထုကပုံဖေါ်ခဲ့ ကြသည်။ ၁၉၉၃ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် စတင်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ညီလာခံကိုစတင်ရေတွက်လျှင် စုစုပေါင်းကြာချိန်မှာ ၁၅ နှစ် ၄ လနှင့် ၆ ရက်ကြာမြင့်ခဲ့သည်။ သေချာတွက်စစ်ကြည့်လျှင် ဒုတိယကမ္ဘာစစ်၏ စစ်ရာဇဝတ်တရားခံ‘အိုက်ခမန်း’ စစ်ပြေးဘဝဖြင့် ပုန်းရှောင်နေသည့် ကာလထက်ပင်ရှည်ကြာနေ  သေးတော့သည်။ ကမ္ဘာတွင်မည်သည့်နိုင်ငံမှ ဤမျှလောက်လောက်နှစ်ရှည်ကြာရေးဆွဲခဲ့ရသောဖွဲ့စည်းပုံမရှိသေး ဟုဆိုသည်။ သို့သော်ပြည်သူလူထုမူ ဤသို့ပြင်ဆင်ရန်ခက်ခဲသောဥပဒေကို လက်မခံနိုင်ခဲ့ကြပေ။ ဒီ/ချုပ်ပါတီက ဤဥပဒေကိုပြင်ဆင်ရန် အမျိုးသားညီလာခံကျင်းပစဉ်ကတည်းက နည်းပေါင်းစုံဖြင့်ကြိုးစားခဲ့သော်လည်းမအောင်မြင်ခဲ့သလို ယခုလည်း ခြေ/ဥ၏ ၄၃၆ပုဒ်မကို မကျော်လွန်နိုင်ခဲ့။  အစကတည်းကမသိမဟုတ်။ သိသိကြီးဖြင့် ပြင်ဆင်ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲကာလ ကတိကို တည်ချင်ရုံသက်သက်ဖြင့်ပြုလုပ်ခြင်းကား မဟုတ်နိုင်။ အများထင်မြင်ယူဆသကဲ့သို့ ရွေးကောက်ပွဲအတွက် မဲဆွယ်ရုံသက် သက်ဟုမ ထင်မြင်မိပါ။ ကျွဲကူးရေပါ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် သည့်ထက်ပိုသော အကြောင်းအချက်များ လည်းရှိနိုင်ပါသေးသည်။ ပြင်၍မရနိုင်ကြောင်းကို နိုင်ငံရေးသုခမိန်အကဲခတ်သုံးသတ်ကြသူများ၊  ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များသာမဟုတ် ပြည်သူအတော်များများကလည်း သိပြီးဖြစ်သည်။ ထို့ကြောင့် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ခြင်း၏ အနိုင်အရှုံးရလဒ်အပေါ် ပြည်သူတို့ မတုံလှုပ်ခဲ့ကြခြင်းပင်။ ဖြစ်ပေါ်လာမည့်အဖြေကိုပင် ကြိုတင်သိပြီးဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ လွှတ်တော်မှတ်တမ်းတွင် သမိုင်းဝင်အချက်တခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်သည်။ ပြင်ဆင်ရမည့်အချက်များ၊ ပုဒ်မများတို့ကိုလည်း သမိုင်းမှတ်တမ်းဖြစ်စေခဲ့ပါသည်။ တချိန်တွင်ဤပြန်တမ်းမော်ကွန်းဝင်ပုဒ်မများသည် ပြန်လည်အသက်ဝင်မလာနိုင်ဟု မည်သူမျှမပြောနိုင်ပါချေ။လိုအပ်ချိန်တွင်ဤပြင်ဆင်ချက် မူကြမ်းတို့သည် အဆင်သင့်ပြုစုပြီး၊ တင်ပြပြီးဖြစ်နေမည်သာ။‘ပြင်မရလျှင် ဖျက်ပစ်ရမည်’ဟူ သောသဘောထားရှိ သူတို့ဘက်က အားသာလာလျှင်လည်း ထည့်သွင်းရမည့်အချက်တို့အဆင်သင့်ဖြစ်စေပါသည်။ နိုင်ငံတကာ၏အမြင်တွင်လည်း ၂၀၀၈ မြန်မာ့ဖွဲ့စည်းပုံသည် ကမ္ဘာတွင် ပြင်ဆင်ရန်အခက်ဆုံး ဒီမိုကရေစီမကျဆုံးဖွဲ့စည်းပုံအဖြစ်စာတွေ့မဟုတ် လက်တွေ့သိမြင်ခွင့်ရရှိသွားပြီဖြစ်သည်။ ထို့အပြင် ‘အပြည်ပြည်ဆိုင်ရာတရားရုံး’ ၏ ဆုံးဖြတ်ချက်အပေါ်၌လည်း ဂယက်ရိုက်ခတ်လာမည်ကိုတော့စိုး ရိမ်ဖွယ်ရာပင်။ လွှတ်တော်အတွင်းဆွေးနွေးမှုများတွင်လည်း မည်သူက နတ်ဆိုးဖြစ်သည်ကို ပြည်သူတို့ ကွက်ကွက်ကွင်းကွင်းမြင်တွေ့ခဲ့ကြရပြီးဖြစ်သည်။ မည်သို့ဆိုစေ မြန်မာ့သမိုင်းတွင်  ‘စေတန်’၏ ‘စေတနာ’မှတ်တမ်းဆိုးတခုအဖြစ် သမိုင်းတင် ကျန်ရစ်တော့မည်သာ…။ ထွန်းဇော်ဌေး   
2 years Ago

July 26, 2019

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ကျန်းမာရေးထိခိုက်ခြင်း

ကျွန်တော်တို့လူသားများရဲ့ ကျန်းမာရေးကိစ္စ အဝဝကို ကြိုးကိုင်ထားတဲ့ အရာတခုရှိပါတယ်။ အဲဒါကတော့ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲခြင်းဟာ ကျန်းမာရေးကဏ္ဍကို ဘယ်လိုလွှမ်းမိုးသက်ရောက်မှု ရှိသလဲဆိုတာ ဆက်လက်ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာ ရာသီဥတုပြောင်းလဲခြင်း ဆိုတာကတော့ ရေရှည်ပုံစံနဲ့ ကမ္ဘာ့အပူချိန် ပြောင်းလဲလာခြင်း၊ ရာသီဥတုပုံစံများ ပြောင်းလဲလာခြင်း စတာတွေ ဖြစ်ပါတယ်။ အပူချိန်မြင့်တက်လာခဲ့ရင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းခြေဒေသရဲ့ ဂေဟစနစ်တွေ ပျက်စီးလာပါလိမ့်မယ်။ အရေးကြီးတဲ့ တိရစ္ဆာန်မျိုးစိတ်နဲ့ အပင်မျိုးစိတ်တွေ ပျက်စီးရင် အဲဒီအပေါ် မှီခိုနေတဲ့ လူသားတွေကိုပါ ထိခိုက်မှု ဖြစ်လာပါတယ်။ ဖြစ်ပွားရသည့် အကြောင်းအရင်း လူသားတွေ စက်မှုလုပ်ငန်း တိုးတက်လာတာနဲ့အမျှ ပတ်ဝန်းကျင်အပေါ် စွန့်ပစ်ပစ္စည်းတွေ အများအပြား စွန့်ထုတ်လာပါတယ်။ လောင်စာများ ပိုမိုလောင်ကျွမ်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် အပါအ၀င် မှန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေတဲ့ တခြားဓာတ်ငွေ့တွေ ပိုမိုထွက်ရှိလာပါတယ်။ အဲဒီအခါ ကမ္ဘာ့အောက်ခြေလေထုဟာ ယခင်ထက်ပူနွေးပြီး ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲခြင်းတွေ ဖြစ်ပေါ်လာပါတယ်။ လူသားတို့အပေါ် အကျိုးသက်ရောက်မှု လေထုညစ်ညမ်းခြင်း၊ သောက်သုံးရေ မသန့်ရှင်းခြင်း၊ ဘေးကင်းစိတ်ချရသော အစားအစာများ ချို့တဲ့လာခြင်း စတာတွေဟာ ကျန်းမာရေးပြဿနာများရဲ့ ရင်းမြစ်ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ပြောင်းလဲခြင်းဟာ လူသားတွေရဲ့ ကျန်းမာရေးအပေါ် သိသိသာသာ ထိခိုက်နိုင်ပါတယ်။ ကူးစက်ရောဂါတွေ ပျံ့နှံ့စေခြင်း၊ စိတ်ကျန်းမာရေးပြဿနာ ပိုမိုဆိုးရွားလာခြင်း စတာတွေအပါအဝင် ပြဿနာပေါင်းစုံကို ဦးတည်လာစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်လာခြင်းကြောင့် ဖြစ်ပါတယ်။ အပူချိန်လွန်ကဲစွာ မြင့်မားလာခြင်းနဲ့ မကြာခဏ ရေကြီးရေလျှံခြင်းဟာ ရောဂါတွေ၊ ထိခိုက်ဒဏ်ရာရခြင်းတွေကို ပိုမိုဆိုးရွားလာစေတယ်လို့ ဥရောပ ပညာရေးသိပ္ပံဆိုင်ရာ အကြံပေးအဖွဲ့ (EASAC) က ဆိုပါတယ်။ ဒါ့အပြင် EASAC အဖွဲ့ရဲ့ အစီရင်ခံစာအရ အောက်ပါအကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။
  • စိတ်ကျန်းမာရေး ဆိုးရွားလာခြင်း။ ရာသီဥတု ပူနွေးခြင်း၊ တောမီးလောင်ခြင်း၊ လေထုညစ်ညမ်းခြင်း စတာတွေဟာ ထိခိုက်မှုအပြီး စိတ်ဖိစီးမှုဝေဒနာ (PTSD)၊ စိတ်ပူပန်ခြင်း၊ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အလွဲသုံးခြင်း၊ စိတ်ကျခြင်း စတာတွေကို ဖြစ်လာစေနိုင်ပါတယ်။
  • ရုပ်ပိုင်းဆိုင်ရာ ရောဂါများ ထူပြောလာခြင်း။ ရာသီဥတုအပူချိန်ဟာ အနည်းငယ်မြင့်တက်ရုံနဲ့တင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားမှုကို ပိုမိုမြင့်မားစေတယ်လို့ သိရပါတယ်။
  • ခြင်မှတဆင့် ကူးစက်သော ရောဂါများ ပြန့်ပွားခြင်း။ ဥပမာ – ရာသီဥတု အပူချိန်ပြောင်းလဲလာခြင်းဟာ သွေးလွန်တုပ်ကွေးရောဂါပိုးကို သယ်ဆောင်တဲ့ခြင်ကို ပိုမိုများပြားလာစေခြင်း ဖြစ်ပါတယ်။
ရာသီဥတုအခြေအနေဟာ ငှက်ဖျားရောဂါအပေါ် သက်ရောက်မှုရှိပါတယ်။ ငှက်ဖျားရောဂါဖြစ်စေတဲ့ အနောဖလိခြင်ဟာ နှစ်စဉ် လူလေးသိန်းခန့်ကို သေဆုံးစေပြီး ပူနွေးတဲ့နေရာမှာ ပိုမိုပေါက်ပွားပါတယ်။ နောင်အလားအလာ လာမယ့် ဆယ်စုနှစ်အတွင်းမှာ ကမ္ဘာ့နေရာအသီးသီးက အပူချိန်တွေဟာ လက်ရှိ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ် မြင့်မားလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီပမာဏကို ရောက်လာတဲ့အခါ ကမ္ဘာ့လူဦးရေ သန်း ၃၅၀ ခန့်ဟာ အပူဒဏ်ကို ထိခိုက်ခံစားရပြီး အလုပ်လုပ်ကိုင်နိုင်စွမ်းပါ ကျဆင်းလာစေမယ်လို့ သိရပါတယ်။ ၂၀၀၃ ခုနှစ် ဥရောပမှာ အပူလှိုင်းဖြတ်စဉ်ကလည်း လူပေါင်း ၇၀၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဝတ်ဆံဝတ်မှုန်များနဲ့ ညစ်ညမ်းလေထုထဲက ဓာတ်မတည့်ပစ္စည်းများဟာလည်း အပူချိန်မြင့်လာရင် ပိုမိုများပြားလာပြီး ပန်းနာရင်ကျပ်ရောဂါကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ကမ္ဘာတလွှားမှာ လူပေါင်း သန်း ၃၀၀ ကျော်ကို ဒုက္ခပေးနေတဲ့ ရောဂါ ဖြစ်ပါတယ်။ WHO အဖွဲ့ကြီးရဲ့ အဆိုအရ သက္ကရာဇ် ၂၀၃၀ ကနေ ၂၀၅၀ အတွင်း ရာသီဥတု ပြောင်းလဲမှုနဲ့ ဆက်နွှယ်ပြီး တနှစ်ကို လူပေါင်း ၂ သိန်းခွဲခန့် ပိုမိုသေဆုံးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အာဟာရချို့တဲ့ခြင်း၊  ငှက်ဖျား၊ ဝမ်းပျက်ခြင်း၊ အပူဒဏ်ခံရခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ ကာကွယ်ရန်နည်းလမ်းများ အားလုံး ဝိုင်းဝန်းဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့်၊ ဖန်လုံအိမ်အာနိသင်ကို ဖြစ်ပေါ်စေမယ့် ကိစ္စရပ်တွေကို ရှောင်ရှားရပါမယ်။ စွမ်းအင်ကို ချွေတာသုံးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုကို လှျော့ချခြင်း စတာတွေ ဖြစ်ပါတယ်။ ကျန်းမာရေးဌာနများမှ အခါအားလျော်စွာ ထုတ်ပြန်တဲ့ သတင်းနဲ့ည ညွှန်ကြားချက်တွေကို လိုက်နာသင့်ပါတယ်။ ရေးသားသူ Dr.Thant Zin ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
2 years Ago
More News
Up