ဆောက်သမ်တန်ကို ၃ ဂိုး ၂ ဂိုးဖြင့်နိုင်ပြီး မန်ယူ လိဂ်ဖလားဆွတ်ခူး

February 27, 2017

ဆောက်သမ်တန်ကို ၃ ဂိုး ၂ ဂိုးဖြင့်နိုင်ပြီး မန်ယူ လိဂ်ဖလားဆွတ်ခူး (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် လိဂ်ဖလား ဗိုလ်လုပွဲအဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ ဆောက်သမ်တန်တို့ ဖေဖော်ဝါရီ ၂၆ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက ၃ ဂိုး ၂ ဂိုးနဲ့နိုင်ပြီး လိဂ်ဖလား ဆွတ်ခူးသွားပါတယ်။ နည်းပြ မော်ရင်ဟို မန်ယူကိုကိုင်တွယ်တဲ့ ပထမဆုံးရာသီမှာ ပထမဆုံးဆုဖလား ဆွတ်ခူးနိုင်တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဆောက်သမ်တန်က ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်တွေမှာ အနည်းငယ် အသာစီးရခဲ့ပါတယ်။ ဒီပွဲအတွက် အဖွင့်ဂိုးကို မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်က ပွဲချိန် ၁၉ မိနစ်မှာ ပြစ်ဒဏ်ဘောကို လှလှပပကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ ဒီ့နောက် ပွဲချိန် ၃၈ မိနစ်မှာ မန်ယူအတွက် လင်ဂတ်က ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူပေးခဲ့ပေမယ့် ပထမပိုင်းပြီးခါအနီး နာကျင်အချိန်ပိုမှာ ဆောက်သမ်တန်တိုက်စစ်မှူး ဂတ်ဘီယာဒီနီက ချေပဂိုးတဂိုး ပြန်သွင်းခဲ့လို့ ပထမပိုင်းအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ မန်ယူက ဦးဆောင်နိုင်ခဲ့တာပါ။ ဒုတိယပိုင်း ပွဲစပြီး မကြာခင်မှာပဲ ဆောက်သမ်တန်အတွက် တိုက်စစ်မှူး ဂတ်ဘီယာဒီနီက ဒုတိယချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၇ မိနစ်မှာ မန်ယူအတွက် ဖလားဆွတ်ခူးနိုင်မယ့် အဖိုးတန်အနိုင်ဂိုးကို တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကပဲ သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ မန်ယူက ၃ ဂိုး ၂ ဂိုးနဲ့ နိုင်ပြီး ဒီရာသီအတွက် လိဂ်ဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။
4 years Ago
Up