ဈေးဝယ်ထွက်ချိန် လမ်းမပေါ် မတ်တပ်ရပ်လျက်သား ကလေးမွေးဖွားခဲ့သည့် အမျိုးသမီး

September 5, 2017

ဈေးဝယ်ထွက်ချိန် လမ်းမပေါ် မတ်တပ်ရပ်လျက်သား ကလေးမွေးဖွားခဲ့သည့် အမျိုးသမီး (ရုပ်သံ)

တရုတ်နိုင်ငံမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးဟာ ဈေးဝယ်ထွက်ချိန် လူသူရှုပ်ထွေးတဲ့ လမ်းမတခုပေါ်မှာ မတ်တပ်ရပ်လျက်သား အခြေအနေနဲ့ ကလေးမွေးဖွားခဲ့တယ်လို့ သည်ဆန်းသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းခရိုင်၊ ယမ်ဖူမြို့မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲဒီအမျိုးသမီးဟာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေဝယ်ဖို့ ထွက်လာခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် ရုတ်တရက် ရေမြွှာပေါက်ပြီး အော်ဟစ်လိုက်တဲ့ အမျိုးသမီးရဲ့အသံကို ကြားလိုက်ရချိန်မှာ ဘေးက လူအုပ်စုကြီးဟာ ဘာလုပ်ရမယ်မှန်းမသိဘဲ အံ့အားသင့်ပြီး ဝိုင်းကြည့်နေခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီနောက် စက္ကန့်ပိုင်းအကြာမှာပဲ ကလေးငယ်ဟာ အမျိုးသမီးရဲ့ ခြေထောက်ကြားကို လျှောကျလာခဲ့တာကို တွေ့ရပြီး သူ့ရဲ့ဝတ်စုံရှည်မှာ သွေးတွေနဲ့ စွန်းထင်း ပေကျံသွားခဲ့တာကို တွေ့ရပါတယ်။ အမျိုးသမီးအနေနဲ့ ကလေးမွေးဖွားမှုအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သလားဆိုတာ မသိနိုင်ဘဲ သူ့အနေနဲ့ ခုလို ရုတ်တရက် မွေးဖွားလာမှုအပေါ် ဘယ်လိုဆက်လုပ်ရမလဲဆိုတာ မသိတဲ့ပုံ ပေါ်နေပါတယ်။ အနီးနားက ဈေးဆိုင်ပိုင်ရှင်တွေဟာ အရေးပေါ်လူနာတင်ယာဉ် ခေါ်ပေးခဲ့ကြတာဖြစ်ပြီး ကလေးချက်ကြိုးကို ဖြတ်ပေးနိုင်ဖို့ ကူညီပေးခဲ့ရပါတယ်။ အဲဒီနောက်တော့ မွေးကင်းစကလေးကို သန့်ရှင်းထားခဲ့ပြီး အနီးနားခုံပေါ်မှာ ထားခဲ့ရတာပါ။ မိခင်ဖြစ်သူဟာ မောပန်းနွမ်းနယ်နေတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမယ့် ဆေးရုံတာဝန်ရှိသူတွေက မိခင်ရော၊ ကလေးကိုပါ ဆေးရုံကိုခေါ်ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပြောခဲ့ပေမယ့် သူကငြင်းဆန်ပြီး ကလေးကိုချီကာ အိမ်ပြန်သွားခဲ့တာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာတော့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။
4 years Ago
Up