ဈေးဝယ်စင်တာတွင် ဗုံးလန့်ပြီး ဗြိတိန်ခရီးသွားများ စိုးရိမ်တကြီး ထွက်ပြေး

July 14, 2017

ဈေးဝယ်စင်တာတွင် ဗုံးလန့်ပြီး ဗြိတိန်ခရီးသွားများ စိုးရိမ်တကြီး ထွက်ပြေး (ရုပ်သံ)

ဈေးဝယ်စင်တာကြီးတခုမှာ ပေါက်ကွဲသံကြားရပြီးနောက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်မှာ စိုးရိမ်ထိတ်လန့်ပြီး လူရာပေါင်းများစွာ အစုအပြုံလိုက် ထွက်ပြေးခဲ့ကြပါတယ်။ စပိန်နိုင်ငံတောင်ပိုင်း ကော်စတာဒယ်လ်စိုလ် ကမ်းရိုးတန်းက နာမည်ကြီး စပိန်အပန်းဖြေကမ်းခြေ Fuengirola မှာရှိတဲ့ မီရာမာ ဈေးဝယ်စင်တာကြီးထဲမှာ ဇူလိုင် ၁၄ ရက်နေ့က ပေါက်ကွဲသံကြားခဲ့ရပြီးနောက် ဗြိတိန်ခရီးသွားဧည့်သည်တွေ၊ အဲ့ဒီဒေသမှာနေတဲ့ ဒုက္ခသည်တွေ အပါအဝင် ဈေးဝယ်သူတွေက ဈေးဝယ်စင်တာကြီး အကြမ်းဖက်တိုက်ခိုက်ခံရတယ်ထင်ပြီး ကြောက်လန့်ကာ အော်ဟစ်ထွက်ပြေးခဲ့ကြတာပါ။ အဲ့ဒီနောက် ဈေးဝယ်စင်တာထဲက ပီဇာဆိုင်မှာ ဒယ်အိုးမီးစွဲပြီး ပေါက်ကွဲသံဖြစ်ခဲ့တာလို့ မီးသတ်သမားတွေက ပြောပါတယ်။ ဒေသခံ အင်တာနက်သတင်း စာမျက်နှာတခုကလည်း “မီရာမာဈေးဝယ်စင်တာမှာ ဒယ်အိုး မီးစွဲပေါက်ကွဲရာကနေ ထိတ်လန့်မှုဖြစ်ခဲ့တယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီအဖြစ်အပျက်ကို သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဗြိတိန် အားလပ်ရက်ခရီးထွက်သူတွေ ကြိုက်နှစ်သက်ဆုံးဖြစ်တဲ့ ဒီ Fuengirola အပန်းဖြေစခန်းဟာ ပြည်ပြေး/ဒုက္ခသည် ထောင်ပေါင်းများစွာတို့ရဲ့ နေရာလည်း ဖြစ်ပါတယ်။ ဈေးဝယ်စင်တာကြီးကလည်း ခရီးသွားဧည့်သည်တွေနဲ့ ဒေသခံလူတွေကြား လူကြိုက်များ ကျော်ကြားတယ်လို့ သိရပါတယ်။ ညနေ ၄ နာရီအချိန်က မျက်မြင်တဦး မိုဘိုင်းလ်ဖုန်းနဲ့ ရိုက်ထားတဲ့ ရုပ်သံထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေ မြစ်ကမ်းဘေးက မြက်ခင်းပြင်ပေါ်နဲ့ အနားမှာရှိတဲ့ တံတားပေါ်မှာ ပြေးလွှားနေကြတာ မြင်ရပါတယ်။ “ဘာဖြစ်နေကြတာလဲလို့” အမျိုးသားတဦးက စပိန်ဘာသာနဲ့ မေးမြန်းသလို အမျိုးသမီးက “ဗုံးပေါက်တာကြောက်လို့” ဆိုပြီး ပြန်ဖြေသံလည်း ကြားရပါတယ်။ ဈေးဝယ်စင်တာရဲ့ မန်နေဂျာဖြစ်သူက “မီးဖိုချောင်မီးက မီးလောင်ကြောင်း အချက်ပြအသံပေးတယ်၊ ဒီအချက်ပြအသံက ဦးဆုံး လူတွေကို ထွက်ပြေးစေတာပဲ” လို့ ရှင်းပြပါတယ်။ မီးလောင်ခဲ့တဲ့ ပီဇာဆိုင်မီးဖိုချောင် ပျက်စီးခဲ့ပြီး အမျိုးသမီးတဦး ခြေကျင်းဝတ်မှာ အနည်းငယ်ထိခိုက်ခဲ့တာကလွဲလို့ ဘယ်သူမှ အပြင်းအထန် ဒဏ်ရာရတာမရှိဘူးလို့ ဒေးလီးမေးလ်သတင်းမှာ ရေးထားပါတယ်။
5 years Ago
Up