ဈေးဝယ်ကုန်တိုက်တွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်သူနှင့် ရဲတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်သည့် ရုပ်သံထွက်ပေါ်

June 8, 2017

ဈေးဝယ်ကုန်တိုက်တွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်သူနှင့် ရဲတပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်သည့် ရုပ်သံထွက်ပေါ်

အမေရိကန်မှာ နေ့ခင်းကြောင်တောင် လက်နက်ကိုင် ဓားပြတိုက်သူနဲ့ ရဲတွေ အပြန်အလှန် ပစ်ခတ်နေတဲ့ ရုပ်ရှင်ဆန်ဆန် ဗွီဒီယိုရုပ်သံ ထွက်ပေါ်ခဲ့ပါတယ်။ ဓားပြကို သေနတ်နဲ့ အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပြီး ထိတ်လန့်စရာ ပစ်ခတ်မှုလည်း ပြီးဆုံးသွားခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဇွန်လ ၈ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ မေရီလဲန်းဒ်ပြည်နယ်၊ ဘယ်လ်တီမိုးစီရင်စုနယ်မြေမှာရှိတဲ့ လော်ဂန်ဗစ်လေ့ဂ်ျ ဈေးဝယ်ကုန်တိုက်ကြီးထဲမှာ ဇွန်လ ၇ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ခဲ့တာပါ။ အဲဒီဓားပြဟာ လူ ၂ ဦးကို ဓားပြတိုက်လုယက်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တာလို့ ရဲတွေက ဘယ်လ်တီမိုးဆန်းသတင်းဌာနကို ပြောခဲ့ပါတယ်။ အဲဒီအနီးဝန်းကျင်မှာ ကျောင်းတွေပိတ်ချိန်ဖြစ်လို့ ဓားပြစီးသွားတဲ့ ဘတ်စ်ကားကို ရဲတွေက ရပ်တန့်ခိုင်းခဲ့ရာမှ ဓားပြက ရဲတွေကို သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဓားပြဟာ ဘတ်စ်ကားပေါ်မတက်ခင် ကားပေါ်မှာရှိသူတွေအားလုံးကို ရဲတွေက ဆင်းခိုင်းခဲ့ပြီး ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်လို့ ဘတ်စ်ကားစီးလာသူတွေထဲက မျက်မြင်သက်သေ တဦးဖြစ်တဲ့ စတိဗ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပစ်ခတ်မှုရုပ်သံဗွီဒီယိုတင်ခဲ့ပြီး ပြောပါတယ်။ ဖမ်းယူရိုက်ကူးမိတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ လက်နက်ကိုင်ဓားပြက ဘတ်စ်ကားရဲ့ တံခါးပေါက်တွေကနေ ထွက်လာပြီး သေနတ် ၂ လက်နဲ့ နှစ်ဘက်စလုံးမှာရှိတဲ့ ရဲတွေကို ပစ်ခတ်နေပြီး အရပ်သားတွေကလည်း ကားတွေရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေကြတာကို တွေ့ရပါတယ်။ ရဲတွေက ပြန်ပစ်ခတ်လို့ လူဦးရေထူထပ်လှတဲ့ အဲ့ဒီနေရာမှာ ရပ်ကြည့်နေသူတွေရဲ့ အော်ဟစ်သံတွေကိုလည်း ကြားနေရပါတယ်။ ဒီနောက် သေနတ်သမားက ဘတ်စ်ကားဘေးပေါက်ကဆင်းပြီး အဖြူရောင် ဗန်ကားတစီးကို အကာအကွယ် ယူလိုက်ပါတယ်။ အဲဒီဗန်ကားနောက်မှာပဲ တခြား အရပ်သား ၂ ဦးကလည်း ပုန်းအောင်းနေပြီး သူတို့ထဲက တဦးက အမြန်ပြေးသွားနိုင်ပေမယ့် သေနတ်သမားက ဗန်ကားရဲ့ ၂ ဘက်စလုံးဆီကို သေနတ်တွေနဲ့ ပစ်ခတ်နေလို့ ပုန်းအောင်းနေသူ နောက်တဦးက မပြေးနိုင်တော့ဘဲ ကားဘီးနားက မြေပြင်ပေါ်မှာ ဝပ်နေရတာကိုလည်း သဲထိတ်ရင်ဖို မြင်ရပါတယ်။ အဲဒီနောက် သေနတ်သံတွေ ထပ်ကြားရပြီး ဓားပြကို အသေပစ်ခတ်ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ပစ်ခတ်မှုအတွင်း ရဲအရာရှိတဦး ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး လမ်းပေါ်မှာရှိတဲ့ အရပ်သားတဦးလည်း ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
4 years Ago
Up