စေ့စပ်လက်စွပ်

May 25, 2017

ဝမ်းဗိုက်တွင်းထည့်ထားသည့် စေ့စပ်လက်စွပ်ကို ချစ်သူအား ထုတ်ယူစေပြီး ချစ်ခွင့်ပန်သည့် အမျိုးသား (ရုပ်သံ)

ရုရှားနိုင်ငံမှ အမျိုးသားတဦးဟာ စေ့စပ်လက်စွပ်တကွင်းကို သူ့ရဲ့ဝမ်းဗိုက်တွင်းမှာ ခွဲစိတ်ထည့်သွင်းထားပြီး ချစ်သူနာ့စ်မလေးကို ထုတ်ယူစေခဲ့ကာ ချစ်ခွင့်ပန်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော ရေပန်းစားနေခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ ချစ်သူနာ့စ်မလေးကို သူ့ရဲ့ဒဏ်ရာကို သန့်စင်ပေးဖို့ အဝတ်ကို လဲလှယ်ပေးဖို့ တောင်းဆိုခဲ့တာပါ။ ချစ်သူမိန်းကလေးဟာ အပေါ်ယံအဝတ်ကို ဖယ်ရှားပြီး ဝမ်းဗိုက်ကဒဏ်ရာကို ကြည့်ရှုခဲ့ချိန်မှာ ပြောင်လက်နေတဲ့ အရာဝတ္ထုကို မြင်ခဲ့ရပြီး ညှပ်နဲ့ဆွဲထုတ်ခဲ့ချိန်မှာ ဘာမှန်းမသိခဲ့သေးဘဲ အပြင်ကို ရောက်ခဲ့ချိန်မှာတော့ ဒီအဖြစ်အပျက်ကို သဘောပေါက်သွားခဲ့ပြီး လက်စွပ်ကို လက်ခံခဲ့တာပါ။ အဲဒီနောက်တော့ အမျိုးသားဟာ ချစ်သူကို ပန်းစည်းတွေနဲ့အတူ လက်စွပ်ကို စွပ်ပေးခဲ့ပြီး လက်ထပ်ခွင့်တောင်းခံခဲ့တာပါ။ သူဟာ ဒဏ်ရာထဲမှာ လက်စွပ်ကို ထည့်သွင်းနိုင်ဖို့ ခွဲစိတ်ဆရာဝန်တဦးကို အကူအညီတောင်းခဲ့ရပြီး ဒီအဖြစ်အပျက်ကိုတော့ သူ့ရဲ့ သူငယ်ချင်းတဦးက မှတ်တမ်းတင် ရိုက်ကူးပေးခဲ့တာဖြစ်တယ်လို့ မေရာသတင်းမှာ ဖော်ပြပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ပျံ့နှံ့နေခဲ့ပြီး ဝေဖန်မှုတွေလည်း ရှိနေခဲ့တာပါ။ တချို့ကတော့ ဒါဟာ တကယ့်ကို စိတ်ကူးယဉ်ဆန်တဲ့ လက်ထပ်ခွင့်တောင်းပုံမျိုး ဖြစ်တယ်လို့ ရေးခဲ့ပြီး တချို့ကတော့ ရူးမိုက်တဲ့သူသာ ခုလိုမျိုးလုပ်တာလို့ ဝေဖန်ခဲ့တာကို တွေ့ရပါတယ်။
4 years Ago
Up