စောမြရာဇာလင်း

March 27, 2018

နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီဖျက်သိမ်းမှုအပေါ် စောမြရာဇာလင်းနှင့်မေးမြန်းချက်

  တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)မှာ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ခြင်းမရှိတာကြောင့် ဖွဲ့စည်းထားတဲ့ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီကို မတ်လ ၂၀ ရက်က ဖျက်သိမ်းလိုက်ပါတယ်။ ခုလိုကော်မတီဖျက်သိမ်းလိုက်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါ်စောမြရာဇာလင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မီတီကို ဘာကြောင့် ဖျက်သိမ်းရတာလဲ။ “ရခိုင်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးဟာ အဓိက ဘယ်နေရာမှာ အခြေတည်လဲဆိုရင် အန်စီအေလက်မှတ်ထိုးတဲ့အပေါ်မှာမူတည်တယ်။ အန်စီအေလက်မှတ်ထိုးထားတဲ့အဖွဲ့တွေဟာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ပိုင်ခွင့်ရှိတယ်။ လုပ်လို့ရတယ်ဆိုတဲ့အပေါ် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က လက်မှတ်ရေးထိုးကြတာဖြစ်ပါတယ်။ အဲလို                                      လက်မှတ်ရေးထိုးပြီးတဲ့ နောက်မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲလိုပဲ လူထုတွေ့ဆုံပွဲတွေ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပျော်ပျော်ရွှင်ရွှင်ပဲ လုပ်လာခဲ့ကြပါတယ်။” “အရင်အစိုးရလက်ထဲမှာ၊ အဲလိုနဲ့ အချိန်ကြာလာတဲ့အခါမှာ ကျမတို့ကတော့ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲကတော့ လုပ်ဖို့လိုလာပြီဆိုပြီးတော့မှ ကြိုးစားလာတဲ့အချိန်မှာ UPDJCရဲ့ ၈ ကြိမ်မြောက်အစည်းအဝေးမှာ အဆင့်သင့်ဖြစ်သောနေရာဒေသတွေမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီးတော့မှ နိုင်ငံတော်အတိုင်ပင်ခံက ပြောလာတယ်။ အဲဒါနဲ့ နေရာဒေသတွေမှာ အဆင်သင့်ဖြစ်တယ်ဆိုတာ ဘာကိုပြောလဲ၊ ဥပမာအနိုင်ရပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ စီအက်စ်အို တွေ စုပေါင်းပြီးတော့မှ ဖြစ်မြောက်ရေးကော်မီတီတွေဖွဲ့တယ်။ အစိုးရနဲ့ အဆင်သင့်ဖြစ်အောင် လုပ်တယ်။ စသည်အားဖြင့် အဆင်သင့်ဖြစ်တယ်ဆိုရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပလို့ရတယ်ဆိုပြီး ကျမတို့က နားလည်ထားခဲ့တယ်။” “ဒါပေမယ့် အဲလိုနားလည်ထားမှုကတော့ အဆင်မချောခဲ့ဘူး။ တဖြည်းဖြည်းနဲ့ လူထုတွေ့ ဆုံပွဲတောင် လုပ်လို့မရတဲ့အနေအထားမျိုးဖြစ်လာတယ်။ UPDJC မှာ ဆွေးနွေးပြန်တော့လည်း အဆင်မပြေဘူး။ JICM မှာဆွေးနွေးလည်းအဆင်မပြေဘူး။ အဲလိုမျိုးဖြစ်လာတော့ အခုဆိုလို့ရှိရင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့တာဟာ ၂၀၁၇ခု ဖေဖော်ဝါရီလ ၂၁ ရက်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၃၀ရက် ၂၀၁၇ ခုမှာ အမျိုးသား အဆင့်နိုင်ငံရေးဆွေးနွေးပွဲမလုပ်နိုင်သော်လည်း လူထုတွေ့ဆုံပွဲတွေလုပ်ပြီးတော့ ပြည်ထောင်စု ငြိမ်ချမ်းရေးညီလာခံမှာ တင်မယ်ဆိုပြီး စိတ်ကိုလျော့ပြီး အပြုသဘောနဲ့ ကြိုးစားပါတယ်။ အဲလိုကြိုးစားတော့လည်း လူထုတွေ့ဆုံပွဲလုပ်ဖို့အတွက် အဆင်မပြေဖြစ်လာတယ်။” “ဒါဆိုလို့ရှိရင် အင်မတန်မှ အခက်အခဲဖြစ်တယ်။ ကျမတို့ကအမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မီတီ နောက်ပြီး လူထုတွေ့ဆုံပွဲကျင်းပရေးကော်မီတီတွေက ဖွဲ့စည်းထားတာဟာ အနိုင်ရပါတီခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းခဲ့တယ်။ နောက်ပြီး အထင်ကရ စီအက်စ်အိုတွေကခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းခဲ့တာပေါ့။ အဲလို ဖွဲ့စည်းခဲ့သော်လည်း အချိန်ကြာ လာသည်နှင့်အမျှ ကျမတို့မှာ အထစ်အငေါ့တွေ အများကြီးဖြစ်လာတယ်။ ဘာကိုအကြောင်းလဲ ဆိုရင် ရခိုင်ပြည် ဘူးသီးတောင် မောင်တောပြဿနာ ရခိုင်ပြည်တည်ငြိမ်မှုမရှိတဲ့ အနေအထား တွေကို အကြောင်းပြပြီးတော့ ကျမတို့က လုပ်ခွင့်မရဘူး။ အဲလိုမျိုးဖြစ်နေတော့ ကျမတို့က လူထုကို ညာနေလို့တော့မရဘူး။ ကျမတို့အပေါ် စောင့်မျော်နေကြတဲ့ ပြည်သူလူတွေကို ကျမတို့ ပွင်ပွင့်လင်းလင်းပြောဖို့လိုတယ်။ ပြီးရင် ဒီကော်မီတီမှာပါနေတဲ့လူတွေကို လွတ်လွတ်လပ်လပ် သူတို့လုပ်ချင်ရာအလုပ်တွေကို လုပ်လို့ရတယ်ဆိုတဲ့အနေအထား ဖြစ်ဖို့လိုတယ်။  အဲဒါကြောင့်မို့ အချိန်မစွဲသင့်တော့ဘူး။ မရရင်ဖျက်လိုက်၊ နောက်အခွင့်အရေးရလာအောင် ကြိုးစားရလာတဲ့အခါမှာ ပြန်လုပ်ဆိုတဲ့ပုံစံရှိပါတယ်။ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရခြင်းသည် အေအန်ပီကြောင့် မဟုတ်ဘူး။ ကျမ စောမြရာဇာလင်းကြောင့်မဟုတ်ဘူး။ အစိုးရမပေးလို့ မရတာဖြစ်တယ်။ လူထုတွေ့ဆုံပွဲတွေကျင်းပလို့မရဘူးဆိုတာ အဓိက ဘယ်သူက တားဆီးတာလဲ။ “ အစိုးရကဖြစ်တယ်။ တပ်မတော်ကလည်း ဖြစ်ပါတယ်။ သူတို့တွေကတော့ စိုးရိမ်ကြ တယ်။ ရခိုင်ပြည်ရဲ့အနေအထားတွေအပေါ်မှာပေါ့လေ။ ဥပမာ ထိန်းချုပ်နယ်မြေတို့ တပ်ဖက်က ပြောလာတာရှိတယ်။ ကျမတို့ အန်စီအေထိုးခဲ့စဉ်က ထိန်းချုပ်နယ်မြေမှာ ကျင်းပရမယ်။ ဌာနချုပ် ရှိတဲ့နေရာမှာ ကျင်းရမယ်ဆိုတာမျိုးမရှိဘူး။ ရခိုင်ပြည်သူလူထုရှိတဲ့နေရာမှာ ကျင်းပရမှာပေါ့။ ” အခုလူထုတွေ့ဆုံပွဲလည်း ကျင်းပခွင့်လည်းမရဘူး။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးကော်မီတီကို ဖျက်သိမ်းလိုက်တယ်ဆိုတော့ အန်စီအေစာချုပ်ပါတိုင်း ဆက်လက် အကောင်အထည်ဖော်မယ့်နေရာမှာ ဘယ်လိုမျိုးအခက်အခဲဖြစ်သွားမလဲ။ “အခက်အခဲရှိပါတယ်။ အဲဒါကို တိုင်းရင်းသားခေါင်းဆောင်တွေက ဘယ်လိုစဉ်းစား မလဲတော့ ကျမသိဘူး။ ကျမတို့အဖွဲ့မှာလည်းပဲ ပါတီအနေနဲ့ စာတမ်းတင်ခွင့်ရတယ်ဆိုရင် စာတမ်းတင်ဖို့ဟာကို ဘယ်လိုစဉ်းစားမလဲ။ ပါတီတခုထဲတင်တဲ့ စာတမ်းကို မဖြစ်ချင်ဘူး။ ပြည်သူ လူထုတရပ်လုံးရဲ့ဆန္ဒနဲ့အညီ ရေးဆွဲတဲ့စာတမ်းပေါ်မှာပဲ ကျမတို့ဖြစ်ချင်တယ်။ အဲဒါကြောင့်မို့လို့ လည်း ကျမတို့က လူထုတွေ့ဆုံပွဲကိုအနည်းဆုံးလုပ်ပြီးတော့မှပဲ လုပ်မယ်ဆိုပြီး စဉ်းစားခဲ့ တာဖြစ်ပါတယ်။” ဒီလိုဖျက်သိမ်းလိုက်တဲ့အခါကျတော့ အန်စီအေကိုလက်မှတ်ထိုးထားတာကို ဘယ်လို ဆက်လုပ်သွားမလဲ။ “အဲဒါကိုကတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းပေါင်းစုံက ဘယ်လိုသွားကြမလဲဆိုတဲ့ ကဏ္ဍတခုရှိမယ်။ အစိုးရဖက်က အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်မျိုးကို ဘယ်လောက်ထိ ရှိလာမလဲ၊ ဒါပေမယ့် ဒီနေ့အထိကတော့ ဘာမှ မထူးခြားဘူး။ ” ဒီလိုအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့်မရတာက သိသလောက်ဆိုရင်တော့ ရခိုင်နဲ့ ရှမ်းပြည်တပ်မတော်  အာစီအက်စ်အက်စ် ဖြစ်တယ်။ “အာစီအက်စ်အက်စ်နဲ့ရခိုင်နဲ့က မတူဘူး။ အာစီအက်စ်အက်စ်ကိုကျတော့ လုပ်နိုင်တဲ့ အနေအထား တခုခုရအောင် အတတ်နိုင်ဆုံးအစိုးရက လိုက်လျောပေးမယ်ဆိုတာမျိုး၊ ရခိုင်ကို ကျတော့ လုံးဝ လုံးဝကို ချိုးနှိမ်ထားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်။ ကျမတို့က ဘာအကြောင်းပြ ချက်လဲမေးတယ်။ မေးတော့လည်း ရခိုင်ပြည်တည်ငြိမ်မှုမရှိတာကိုပဲ အကြောင်းပြတာဖြစ်တယ်။ ဒါကိုတော့ ကျမတို့ က သင့်တော်တဲ့အကြောင်းပြချက်တခုဖြစ်တယ်လို့ မထင်ဘူး။ ဘာဖြစ်လဲဆို ရင်မောင်တောဒေသပြဿနာဟာ အခုမှ ဖြစ်လာတဲ့ပြဿနာမဟုတ်သလို အနာဂတ်မှာလည်း လွယ်လွယ်ကူကူနဲ့ ဖြေရှင်းလို့ ပြီးသွားမယ့် ပြဿနာမျိုးမဟုတ်ဘူး။ အဲဒါကတော့ ရှင်းတယ်။ ” ဒါဆိုရင်တော့ အခုလက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိသွားမလဲ။ “ဘယ်လိုသက်ရောက်မှုရှိသွားမလဲဆိုတာကိုတော့ မပြောနိုင်ဘူး။ ကိုယ်တို့ရဲ့အနေ အထားအရဆိုရင်တော့ အခက်အခဲရှိတယ်။ ရှေ့ကိုသွားဖိုရာအတွက်တော့ အင်မတန်မှ စိတ်ပျက် စရာရှိတယ်။ ပါတီတွင်းမှာလည်း ဆွေးနွေးတိုင်ပင်ရဦးမယ်။ ပြောရမယ်ဆိုလို့ရှိရင်တော့ ကျမတို့က မရောင်ရာဆီလူး၊  နယ်စပ်ပြဿနာကို ထည့်သွင်းပြီးမှပဲ စဉ်းစားလို့တော့ မသင့်တော် ဘူး။ လမ်းကြောင်းက ၂ ခုဖြစ်တယ်။ ၁၉၄၂ခုနှစ်ကနေ အကြီးအကျယ်ဖြစ်လာတဲ့ နယ်စပ်ပြဿနာပေါ့လေ။ အဲဒါကိုက ဘယ်အစိုးရပဲတက်တက် အမြဲတမ်းစဉ်းစားပြီးတော့မှ အမြဲတမ်း ဖြေရှင်းနေရမယ့် ပြဿနာဖြစ်တယ်။ အခုကမ္ဘာကြီးကပြောနေတဲ့ R2P  ပေါ့။ စဉ်းစားစရာရှိပေမယ့်လို့ ဒီကိစ္စက ဘယ်သောအခါ ပြီးမလဲဆိုတာ ပြဿနာရှိတယ်။ ပြီးရင်လုပ်မလား မလုပ်တော့ဘူးလားဆိုတာလည်း ပြဿနာရှိတယ်။ အဲဒါကြောင့် နယ်စပ်ပြဿနာက သီးခြားပြဿနာ ဖြစ်တယ်။ ကျမတို့သွားနေတာက အန်စီအေ လမ်းကြောင်းက အန်စီအေ သီးခြားပြဿနာ ဖြစ်တယ်။ ဒီလိုပဲ ကျမတို့က မြင်တယ်။ ”
3 years Ago

February 15, 2017

‘ရခိုင်ကိုလည်း ခွင့်ပြုလာရလိမ့်မယ်’- စောမြရာဇာလင်းနှင့် မေးမြန်းချက်

  အန်စီအေ အပစ်ရပ် လက်မှတ်ထိုးထားကြတဲ့ အဖွဲ့အစည်းတည်ရှိရာဒေသအားလုံးမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လွတ်လပ်စွာ ကျင်းပခွင့်ရှိတယ်လို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။  တခြားပြည်နယ်နဲ့တိုင်းတွေမှာ  အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်ရနေပေမယ့် ရခိုင်ပြည်နယ်မှာ ကျင်းပခွင့်မရသေးတဲ့ အခြေအနေပေါ်မှာ ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မပြီးသေး တဲ့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (ယူပီစီ) ရွှေ့ဆိုင်းဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဘာကြောင့် ဒီလိုတောင်းဆိုရတာလဲ။ “ယူပီစီကို ကျင်းပဖို့ဆိုလို့ရှိရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြီးမှပဲ ယူပီစီကို ကျင်းပရမှာ ဖြစ်ပါတယ်။ အခုက ယူပီစီက တခုပြီးတခု သွားနေတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက မပြီးသေးဘူး။ အထူးသဖြင့် ရခိုင်ပြည်မှာ  ဦးဆောင်ကော်မတီကိုတောင် မဖွဲ့စည်းရသေးဘူး။ အဲလို အနေအထားမျိုး ရှိနေတယ်။ ဆိုတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပြီး ပြီးမယ်ဆိုလို့ရှိရင် ယူပီစီကို သွားလို့ကောင်းတယ်၊ သင့်တော်တယ်။ တမျိုးသားလုံးရဲ့ အသံ၊ တမျိုးသားလုံးရဲ့ဆန္ဒ အဲဒါတွေပါဖို့ လိုအပ်တယ်။ အဲဒါကြောင့်မို့လို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဟာ အရေးကြီးတယ်။ ဆိုပြီးတော့မှ ကျမတို့က အမျိုးသားအဆင့် နိုင်ငံရေး လုပ်ဖို့အတွက်ကို ကျမတို့ တောင်းဆိုခဲ့တယ်။ ပြီးရင် ကျမတို့က အောက်တိုဘာလ ၂၈ ကနေ ၂၉ ရက်နေ့အထိ ကျင်းပတဲ့ ယူပီဒီဂျေစီ အစည်းအဝေးမှာလည်းပဲ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေ ရှိတဲ့နေရာဒေသ ဟူသမျှမှာ အဆင်သင့်ဖြစ်တယ်ဆိုလို့ရှိရင် ကျင်းပခွင့်ရှိတယ်ဆိုတာ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျသွားပြီးပြီ။ နောက်ပိုင်းမှာဖြစ်လာတာက ချင်းနဲ့ ရခိုင်မှာ ကျင်းပလို့ မရသေးဘူး ဆိုတဲ့ အနေအထားမျိုး ပြန်ဖြစ်လာတယ်။ အဲဒါမျိုး မဖြစ်သင့်ဘူး။ လက်မှတ်ထိုးတဲ့အခါ တညီတညွတ်တည်း လက်မှတ်ထိုးခဲ့ကြတယ်။ ကျင်းပခွင့်ရတဲ့အခါမှာလည်း အားလုံးနေရာမှာ ကျင်းပခွင့်ရအောင်ကို တပြေးညီတည်းဖြစ်ရင် ပိုကောင်းတယ်။ ပြည်နယ်တိုင်းမှာ။ အဲလို ပုံစံမျိုး မဟုတ်ဘဲ ကရင်မှာ ကျင်းပ၊ တနင်္သာရီတိုင်းမှာ ကျင်းပ၊ နေပြည်တော်မှာ ကျင်းပ၊ အဲလိုဆိုရင် ပြီးတယ်ဆိုတဲ့ပုံစံမျိုး လုပ်ကိုမလုပ်သင့်ဘူး။” ဆိုတော့ အစောပိုင်းက ချင်းနဲ့ ရခိုင်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရသေးဘူးလို့ ပြောတယ်။ အခု ချင်းက ကျင်းပခွင့်ရပြီလို့ ပြောတယ်။ ဆိုတော့ ရခိုင်က မကျင်းပရသေးဘူးဆိုတော့ ဘယ်လို အကြောင်းပြချက်က ဘာကြောင့်လဲရှင်။ “အကြောင်းပြချက်ရယ်လို့တော့ ထိထိရောက်ရောက် မပြောဘူး။ ယူပီစီက ၂၈ ရက်နေ့မှာ ကျင်းပမယ်။ ဆိုတော့ အလျင်မမီဘူးဆိုတာလောက်ပဲ အကြောင်းပြချက် ရှိပါတယ်။ ဒါပေမယ့် ကျမတို့ သိထားရတာကတော့ ရခိုင်ပြည်က လုံခြုံမှုမရှိဘူး။ ဘာညာ စသည်အားဖြင့် အကြောင်းပြတာတွေ ရှိတယ်လို့ ကျမတို့က ကြားထားတာရှိတယ်။ ဆိုရင် ကျမတို့က ပြန်ပြောချင်တဲ့ စကားတွေ ရှိတယ်။ ရခိုင်ပြည် တည်ငြိမ်မှုမရှိဘူးဆိုရင် ရခိုင်ပြည်မှာ လူမနေဘူးလား။ ရခိုင်ပြည်ဟာ တည်ရှိနေတယ်။ တည်ရှိနေတယ်ဆိုလို့ရှိရင် ဒီရခိုင်ပြည်အတွက် အလုပ်လုပ်ရမယ်၊ ရခိုင်ပြည်သူတွေ အတွက် အလုပ်လုပ်ရမယ်။ ဒါကြောင့် ကျမတို့ဟာ ရခိုင်ပြည်ကို ဘယ်လို တည်ဆောက်မလဲ၊ ရခိုင်ပြည်နဲ့ ဆက်စပ်ပြီးတော့ ပြည်ထောင်စုကို ဘယ်လို တည်ဆောက်မလဲ၊ ပြည်ထောင်စုက ဘာတွေ ဆွေးနွေးမလဲ၊ ဘယ်လိုမူတွေကို ပြည်ထောင်စုအဆင့်မှာ ချမလဲ။ ဖယ်ဒရယ်ပြည်ထောင်စုကို ဘယ်လိုစနစ်တွေနဲ့ တည်ဆောက်ရမလဲ ဆိုတဲ့ အခြေခံအကြောင်းတရားတွေကို ကျမတို့အနေနဲ့ ပြည်သူတွေကို ချပြဖို့ အရေးကြီးတယ်။ပြည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့က အင်မတန်မှ အရေးကြီးတယ်။ အဲဒါကြောင့်မို့လို့ လက်မှတ်ထိုးထားကြတဲ့ အဖွဲ့အစည်းတိုင်း တည်ရှိရာဒေသ ဟူသမျှမှာ လွတ်လပ်စွာ ကျင်းပခွင့်ရှိတယ်ဆိုတဲ့ မူကတော့ အစိုးရမှာ ရှိဖို့လိုအပ်တယ်။” ရခိုင်ပြည်နယ်အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပလို့မရဘူးဆိုတာက အစိုးရက ဆုံးဖြတ်ပေး လိုက်တာလား၊ ဘယ်လိုမျိုးလဲ။ “ဆုံးဖြတ်ပေးတယ်လို့တော့ မဟုတ်ဘူး။ ဖေဖော်ဝါရီ ၂၈ အတွင်းမှာ ကျင်းပမယ့် ယူပီစီ ဆိုလို့ရှိရင် မမီတော့ဘူးဆိုတဲ့ ပုံစံမျိုးနဲ့ပဲ နိုင်ငံတော်အတိုင်ပင်ခံခေါင်းဆောင်က ပြောတာဖြစ်တယ်။ ဆိုတော့ မမီတော့ဘူးဆိုရင် နောက်ဆုတ်ရမှာပေါ့။ ယူပီစီက ရှေ့ကို သွားနှင့်နေပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက နောက်မှာ လိုက်နေတယ်ဆိုလို့ရှိရင် မသင့်တော်ဘူး။ မူအရ မဖြစ်ဘူး၊ အန်စီအေအရ မဖြစ်ဘူး။ မူဘောင်အရ မဖြစ်ဘူး။ အဲဒါကို ကျမက ပြောတာဖြစ်တယ်။” ဆိုတော့အခု ယူပီစီကို ရက်ရွှေ့တယ်လို့တော့....။ “ဟုတ်တယ်။ အဲဒီအတွင်းမှာ ကျမတို့ဘက်ကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဘယ်လောက်အဆင့်မှာ လုပ်သွားနိုင်မလဲပေါ့လေ။ အဲဒါကြောင့်မို့လို့ ကျမတို့က ရခိုင်အမျိုးသား ပါတီနဲ့လည်း ကျမတို့က တိုင်ပင်မှုတွေ ပြုနေတယ်။ CSO တွေနဲ့လည်း ကျမတို့ တိုင်ပင်မှုတွေ ပြုနေတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကော်မတီတရပ်ကိုလည်း ဖွဲ့စည်းနိုင်ဖို့အတွက် ကျမတို့ အမြန်ဆုံးကြိုးစားနေတယ်။ အဓိကကတော့ ကျမတို့က ခေါင်းဆောင်ဖို့ရာအတွက် ဦးဆောင်ကော်မတီကို ဖွဲ့စည်းလို့ပြီးပြီဆိုရင် ရခိုင်မှာ တခြားကိစ္စတွေက အားလုံးလုပ်လို့ရပြီလို့ ကျမတို့က ထင်နေခဲ့တယ်၊ မျှော်လင့်ခဲ့တာပေါ့။ အခုဆိုလို့ရှိရင် ဦးဆောင်ကော်မတီ မဖွဲ့ရသေးဘူး။ မဖွဲ့ရသေးဘူးဆိုလို့ရှိရင် ကျမတို့ လုပ်သင့်တာတွေကို အားလုံးလုပ်သွားမယ်။ အဲလိုမျိုး လုပ်နေတာပါ။” အခုန ကျမ UPDJC အဖွဲ့ဝင်တယောက်နဲ့ မေးမြန်းတဲ့အခါမှာ ရခိုင်ပြည်နယ်ဘက်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့က အဆင်သင့်မဖြစ်ဘူးလို့ ပြောတယ်ရှင်။ အဲလို ဒီအပေါ် ဘယ်လိုမျိုး ပြောချင်လဲရှင်။ “အဆင်သင့်မဖြစ်တာက ဘာမှ အကြောင်းမရှိဘူး။ အဆင်သင့်ဖြစ်အောင် လုပ်လို့ရတယ်။ အဓိကက အစိုးရဘက်က အဆင်သင့်ဖြစ်ဖို့ပဲ လိုပါတယ်။ ဦးဆောင်ကော်မတီကို ချက်ချင်း ဖွဲ့စည်းလိုက်၊ ကျန်တာအားလုံး လုပ်လို့ရတယ်။” အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ အစိုးရဘက်က ဘယ်လို့ အခန်းကဏ္ဍကနေ ပါဝင်ပူးပေါင်းရမှာလဲ။ “ဦးဆောင်ကော်မတီမှာ ၉ ဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ အစိုးရဘက်က ၃ ဦး ပါရမယ်။ နိုင်ငံရေးပါတီတွေက ၃ ဦး ပါရမယ်။ လက်နက်ကိုင်အဖွဲ့အစည်းက ၃ ဦး ပါရမယ်။ ဒီလိုဖွဲ့စည်းခွင့်ကို ဖွဲ့စည်းလိုက်ပြီဆိုလို့ရှိရင်တော့ ကျန်တာအားလုံးက အလွယ်တကူဖြစ်သွားနိုင်တယ်။ လုပ်လို့ ရသွားနိုင်တယ်။” ဆိုတော့အစိုးရဘက်က မဖွဲ့ပေးတာပေါ့ အဲလိုလား။ “ဟုတ်တယ်။ ဟုတ်တယ်။ အစိုးရဘက်က ဒီလို ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းဖို့အတွက်ကို ညွန်ကြားချက်မရှိသေးတာ။” ချင်းပြည်နယ်မှာကတော့ ခွင့်ပြုလိုက်ပြီးတော့ ရခိုင်ပြည်နယ်ကိုကော ခွင့်ပြုဖို့ရှိလား။ “ရခိုင်ကိုလည်း ခွင့်ပြုလာရလိမ့်မယ်လို့ ကျမ ယုံကြည်တယ်။ ခွင့်ပြုလာရမှာပါ။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ရခိုင်မှာဆိုရင် တိုင်းနဲ့ ပြည်နယ်ထဲမှာ တည်ရှိနေတဲ့ ပြည်နယ်တခု ဖြစ်တယ်။ ထိုနည်း လည်းကောင်း ရခိုင်လူမျိုးစုဆိုတာကလည်း တည်ရှိနေတဲ့ လူမျိုးတမျိုး ဖြစ်တယ်။ ထိုနည်း လည်းကောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီဟာ ဆိုလို့ရှိရင် အန်စီအေကို လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အန်စီအေရဲ့မူအရ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။” အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
4 years Ago
Up