စောမွန်ထွေး

June 2, 2018

“စာကျက်ချိန်မှာ စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး စာကျက်တယ်” စောမွန်ထွေး

ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ မြန်မာတနိုင်ငံလုံး တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ၀ိဇ္ဇာတွဲဘာသာရပ်မှာ တနိုင်ငံလုံး ဒုတိယ အမှတ်အများဆုံး ရရှိခဲ့တဲ့ ငါးဘာသာ ဂုဏ်ထူးရှင် ကျောင်းသူ မစောမွန်ထွေးက အနာဂတ်ပညာရေးနဲ့ ပတ်သက်ပြီး ကျောင်းဆရာမဖြစ်ချင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “သမီးက ကျောင်းဆရာမ လုပ်မယ်။ စစ်ကိုင်းမှာ ဘီအီဒီ တက်မယ်။ သမီးမှာ အကိုရှိတယ်။ သူကလည်း ကျောင်းဆရာပါ။ သမီးငယ်ငယ်ကတည်းက ကျောင်းဆရာမအလုပ်ကို ၀ါသနာပါခဲ့တာ။ ခု ဒီနှစ် ခုလို အောင်မြင်ခဲ့တာလည်း စာကျက်ချိန်မှာ စိတ်ကို လွတ်လွတ်လပ်လပ်ထားပြီး စာကျက်တယ်။ အားတဲ့အချိန်လည်း သူငယ်ချင်းတွေနဲ့ ကစားပါတယ်။ သမီးလိုပဲ နောက်လာမယ့် ညီမတွေ မောင်တွေကိုလည်း အလုပ်လုပ်တဲ့အချိန်မှာ အလုပ်လုပ်ဖို့နဲ့ ကစားတဲ့အချိန်မှာ ကစားဖို့ ပြောချင်ပါတယ်” လို့ စောမွန်ထွေးက ပြောပါတယ်။ မစောမွန်ထွေးဟာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် ကျေးတောင်ဦးကျေးရွာ ဖခင် ဦးမြင့်ဝင်းနဲ့ မိခင် ဒေါ်ခင်မြင့်ရီတို့ရဲ့ အထွေးဆုံး သမီးဖြစ်ပြီး မိဘမျိုးရိုးက တောင်သူ ဖြစ်ပေမယ့် ပညာရေးမှာ ငယ်စဉ်ကတည်းက ထူးချွန်ခဲ့သူတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ မစောမွန်ထွေးဟာ မူလတန်းပညာကို မင်းကင်း ကျေးတောင်ဦးရွာမှာပဲ ပညာသင်ကြားခဲ့ပြီး အလယ်တန်း အထက်တန်းအဆင့်ကိုတော့ မင်းကင်းမြို့ ပညာမြင့်မိုရ်ဘော်ဒါမှာ နေထိုင်ခဲ့ပြီး မင်းကင်း အထက မှာ ပညာသင်ကြားခဲ့ပါတယ်။ မစောမွန်ထွေးရဲ့ အစ်ကိုတွေကတော့ တဦးက ကျောင်းဆရာတဦးဖြစ်ပြီး အကိုအကြီးဆုံးကတော့ ဆိုင်ကယ်ပြုပြင်ရေးအလုပ် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ “သမီးက ကျောင်းဆရာမပဲ ဖြစ်ချင်တယ်ဆိုတော့ သူ့ကိုသူဖြစ်စေချင်တာပဲ လုပ်ပေးမှာပါ။ မိဘတွေအနေနဲ့တော့ ဘာလုပ်ရမယ်ဆိုတာ မရှိပါဘူး။ တတ်နိုင်သလောက် သူငယ်ငယ်ကတည်းက ဖြစ်ချင်တာ လုပ်ပေးခဲ့တာပဲ။ ပညာရေးတက်ဖို့ လက်ရှိမှာတော့ ငွေကြေးအခက်အခဲတော့ ရှိတယ်” လို့ မစောမွန်ထွေးရဲ့ ဖခင် ဦးမြင့်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ ၀ိဇ္ဇာတွဲ ဘာသာရပ်မှာ မြန်မာတနိုင်ငံလုံး ဒုတိယ အမှတ်အမှားဆုံး မစောမွန်ထွေးရဲ့ အမှတ်ကတော့ (၄၈၈) မှတ်ဖြစ်ပြီး မြန်မာ၊ သင်္ချာ၊ ပထ၀ီ၊ သမိုင်းနဲ့ ဘောဂဗေဒ ဘာသာရပ် (၅) ခု ဂုဏ်ထူးမှတ်နဲ့ တက္ကသိုလ်ဝင်တန်းကို ၂၀၁၈ မှာ မင်းကင်း အထက ကနေ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ မင်းရဲစစ်နိုင်
3 years Ago
Up