စောမူတူးစေးဖိုး

A d v e r t i s e m e n t With Us

March 8, 2019

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ပီပီအက်စ်တီအဖွဲ့မှ အနားယူ

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ကနေ ကေအန်ယူခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့  ရှမ်းပြည်တပ်မတော်တောင်ပိုင်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ အနားယူသွားပါတယ်။ မတ်လ ၅ ရက်ကနေ ၇ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ အန်စီအေ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (ပီပီအက်စ်တီ) ရဲ့ အစည်းအဝေးအပြီးမှာ ခုလို  အနားယူသွားတာပါ။ RCSS ပြောခွင့်ရသူ ဗိုလ်မှူးကြီးစိုင်းငင်းက “လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နေရာကို ကျနော်တို့ RCSSရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးကော်မီတီအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ဘောင်ခေးကိုအစားထိုးပါတယ်။ ကေအန်ယူဘက်ကတော့ ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအစား အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ပဒိုစောတာဒိုမှူးကို အစားထိုး ခန့်အပ်ပါတယ်။”လို့ အစည်းအဝေးအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီလိုအပြောင်းအလဲလုပ်တာဟာ အဖွဲ့အစည်းအတွင်းရဲ့ ရွေးချယ်မှုဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ လူ အပေါ်အခြေမခံဘဲ မူအပေါ်အခြေခံမှာဖြစ်တဲ့အတွက် ဆွေးနွေးမှုအပေါ် ရိုက်ခတ်မှုရှိမှာမဟုတ်ဘူးလို့လည်း ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။ ဒါ့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်ကနေ ကြိုးပမ်းေ ဆာင်ရွက်နေတာကို ကြိုဆိုကြောင်းနဲ့ ဒီဆောင်ရွက်ချက်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့လည်း ဟန်ချက်ညီဖို့ လိုအပ်တယ်လို့ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုအဖွဲ့ ၁၀ ဖွဲ့က အထူးအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာပါတယ်။ ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစာတာဒိုမှူးက“ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတာ ကျနော်တို့ နားလည်တာကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ်မှာ အခြေခံရမှာဖြစ်တယ်။ ဘာဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုအတည်ပြုခဲ့ကြရသလိုဆိုတဲ့ အခြေခံကို စဉ်းစားသင့်တာပေါ့နော်။ အဲဒီအတွက်ကြောင့် ကျနော်တို့ဘက်က မြင်တာကတော့ တဖက်မှာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တာကတော့ ပြင်ဆင်မှုရရင်ရသလောက် အကုန်းလုံးက အကောင်းတွေပဲ။ ပြင်ဆင်နိုင်တဲ့အနေအထားရှိတယ်။ ဒါပေမယ့် အဲဒီပြင်ဆင်နိုင်တဲ့အနေ အထားတွေက လွှတ်တော်အတွင်းမှာရှိနေတဲ့ ကိုယ်စားလှယ်၊ မတူညီတဲ့ အစုအဖွဲ့ကနေ ပါဝင်တဲ့ ကိုယ်စားတွေကြားမှာ ဘယ်လောက်ထိ စေ့စပ်ညှိနှိုင်းလုပ်နိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်။”လို့ ပြောပါတယ်။ ဒါ့အပြင် အန်စီအေကို အခြေခံထားတဲ့ ဒီမိုကရေစီနဲ့  ဖယ်ဒရယ်တည်ထောက်ရေး ဆိုင်ရာ အခြေခံမူတွေနဲ့ မဆန့်ကျင်စေလိုတဲ့အကြောင်း၊ လွှတ်တော်က ရေးဆွဲထားတဲ့ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သဟဇာတ ဖြစ်စေဖို့ ပြန်လည်သုံးသပ်ပြင်ဆင်ဖို့လည်း တိုက်တွန်းကြောင်း ထုတ်ပြန်ထားပါတယ်။ လက်ရှိ အန်စီအေကို အခြေခံတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်ဖို့ လာမယ့် မေလအတွင်း အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ကျင်းပသွားဖို့ ရှိနေပါတယ်။
2 years Ago

February 11, 2016

နိုင်ငံရေးတိုက်ပွဲဝင်ကြရန် ကေအဲန်ယူ ခေါင်းဆောင်စောမူတူးစေးဖိုး တိုက်တွန်း

လက်နက်ကိုင်တိုက်ပွဲအတူရင်ဆိုင်ခဲ့ကြသလို နိုင်ငံရေးတိုက်ပွဲမှာလည်း ညီညီညွတ်ညွတ် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ကြဖို့ ဒီကနေ့ ဖေဖော်ဝါရီ ၁၁ ရက် ၆၈ နှစ်မြောက် ကရင်အမျိုးသားနေ့မှာ ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ခေါင်းဆောင် စောမူတူးစေးဖိုးက တိုက်တွန်းလိုက်ပါ တယ်။ ကေအဲန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖို့က “လက်နက်ကိုင်တိုက်ပွဲတွင် မိမိတို့ ကရင်အမျိုးသားများ အတူတကွ တိုက်ပွဲဝင်ခဲ့ကြသည့်အတိုင်း ယခု နိုင်ငံရေးစစ်မြေပြင်တွင် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးစားအားထုတ်ကြရမည့် အချိန်အခါဖြစ်ပါသည်။ မိမိတို့ ကရင်မျိုးသားများအနေဖြင့် ဘ၀တူ တိုင်းရင်းသားများနှင့်အတူ ပြည်သူလူထု တရပ်လုံးနှင့်ပူးပေါင်းပြီး နိုင်ငံရေးစစ်မြေပြင်တွင် ကြိုးစားအားထုတ်ကြရမည်။” လို့ ကရင်အမျိုးသားနေ့ အထိမ်းအမှတ် သူ့ရဲ့ သ၀ဏ်လွှာမှာပြောပါတယ်။ ဒါ့အပြင် ကရင်တိုင်းရင်းသားတွေအနေနဲ့လည်း  နိုင်ငံရေးစစ်မြေပြင်ကို အရှိန်မြှင့်နိုင်ဖို့အတွက် အသိပညာနဲ့ အတတ်ပညာတွေနဲ့ ကြိုးစားအားထုတ်ပြီး ပြင်ဆင်ထားကြဖို့လည်း တိုက်တွန်းပါတယ်။ ကေအဲန်ယူ အတွင်းရေးမှူး (၁) ပဒိုသောသီဘွဲကတော့ ကရင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ လိုလားတောင်းဆိုချက်တွေရရှိဖို့ နောက်တက်လာမယ့် အစိုးရသစ်နဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဒီဗွီဘီကိုပြောပါတယ်။ “နိုင်ငံရေးတိုက်ပွဲလို့ ခေါ်တဲ့နေရာမှာက အဓိက ပြဿ နာက တိုင်းရင်းသားအခွင့်အရေး အထူးသဖြင့် ကရင်တွေအတွက် တောင်းဆိုထားတဲ့ လိုအင်ဆန္ဒတွေက မပြည့်မှီသေးဘူး။ နိုင်ငံရေးစကားဆိုတာလည်း မပြောရသေးဘူးလေ။ အဲတော့ အခုမှပဲ အစပျိုးတဲ့ သဘောတော့ဖြစ်နေတာပေါ့။ အစိုးရအသစ်မှာက ကျနော်တို့ ကေအဲန်ယူအနေနဲ့ တွေ့ဆုံဖို့ မရှိသေးဘူး။ သို့သော် လက်ရှိအစိုးရက သူတို့တာဝန်တရပ်မပြောင်းလဲသေးတဲ့ ကာလမှာ ရရှိထားတဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်အပေါ်၊ နိုင်ငံရေးဆွေးနွေးမှုဖြစ်စဉ်တွေကို နောက်တက်လာမယ့်အစိုးရက ဆက်လက်ကိုင်တွယ်မယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ဆက်လက်ဆွေးနွေးဖို့ အကြောင်းရှိတာပေါ့လေ” လို့ ပြောပါတယ်။ ဒီကနေ့ကျရောက်တဲ့ (၆၈) မြောက်ကရင်အမျိုးသားနေ့ကို ကရင်ပြည်နယ် ဘားအံမြို့ ရန်ကုန်မြို့နဲ့ တခြားမြို့တွေမှာကျင်းပရာမှာ တခြား ကရင်နိုင်ငံရေးပါတီတွေ၊ အန်ဂျီအိုအဖွဲ့တွေ၊ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ဒေသခံတွေ အများအပြား တက်ရောက်ကြပါတယ်။ ၆၈ နှစ်မြောက် ကရင်အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အနယ်နယ် အရပ်ရပ်ရှိ ကရင်တိုင်းရင်းသားတွေအနေနဲ့ မိမိအိမ်တွေမှာ ကရင့်အမျိုးသားအလံတွေလွှင့်ထူတာနဲ့ ကရင်ရိုးရာဝတ်စုံကို တနေ့လုံး ဝတ်ဆင်ကြဖို့ ကေအဲန်ယူ ဗဟိုဌာနချုပ်က စာထုတ်တိုက်တွန်း ထားပါတယ်။ ၁၉၄၈ ဖေဖော်ဝါရီ ၁၁ရက်မှာ  မြန်မာနိုင်ငံတစ်ပြည်လုံးရှိ ကရင်ပြည်သူ ၄ သိန်းကျော် ဟာ ဖဆပလအစိုးရထံ ကရင်ပြည်ပေးရန် ကြွေးကြော်သံ ၄ ချက်နဲ့ တောင်းဆိုဆန္ဒပြမှုကို အစွဲပြုပြီး  ၁၉၅၃ နိုဝင်ဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပတဲ့ ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်မှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကို ကရင်အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။
5 years Ago
Up