စောင့်ရှောက်ရေးဂေဟာ

May 27, 2018

မြိတ်တွင် ပုဂ္ဂလိက သက်ကြီး နေ့ပိုင်းအခမဲ့ စောင့်ရှောက်ရေးဂေဟာ ဖွင့်လှစ်

အထီးကျန်နေသော သက်ကြီးဘိုးဘွားများအတွက် ရွှေရတီ ပုဂ္ဂလိက နေ့ပိုင်း စောင့်ရှောက်ရေး အခမဲ့ဂေဟာ (Day Care For Ageds) စင်တာကို မြိတ်မြို့၊ တက္ကသိုလ်ရပ်ကွက်ရှိ ကုန်မြင့်သာယာလမ်းမှာ မေလ ၁၉ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ ဂေဟာမှာ တစ်ပါတ်လျှင် စနေ့၊ တနင်္ဂနွေနေ့ ၂ ရက် လက်ခံဖွင့်လှစ်ပေးခဲ့ရာ ဘိုးဘွား အယောက် ၂၀ ကို စတင် လက်ခံစောင့်ရှောက်ပေးထားပါတယ်။ ရွှေရတီ သက်ကြီးနေ့ပိုင်း အခမဲ့ စောင့်ရှောက်ရေး တည်ထောင်သူ ဦးအောင်မြင့်ဦးက “ဘိုးဘွားတွေကို စောင့်ရှောက်ဖို့ စိတ်ကူးရှိတာက ကြာပါပြီ။ အခုမှပဲ အကောင်အထည် ဖော်ဖြစ်တာပါ။ မိသားစုအနေနဲ့ တပိုင်တနိုင် ဘိုးဘွား အယောက် ၂၀ ကို သတ်မှတ်ထားပြီး စောင့်ရှောက်နေတာဖြစ်တယ်။ ကိုယ်လှူနိုင်သလောက်လေးနဲ့ စတင်တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ အဘိုးအဘွားတွေ အချင်းချင်း ရှေးဟောင်းနှောင်းဖြစ်တွေ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စတဲ့ ၀ါသနာတူသူတွေနဲ့ မိတ်ဖွဲ့ပြီး စကားပြောဆိုနိုင်ဖို့၊ အားကစား၊ ယောဂလေ့ကျင့်နည်းများ၊ စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ အိပ်စက်ခြင်း၊ ကာရာအိုကေ သီချင်း သီဆိုခြင်း၊ အနားယူခြင်းနဲ့ အခြားသော အစီအစဉ်တွေကို ထည့်သွင်း ပေးထားတယ်လို့ ဦးအောင်မြင့်ဦးက ပြောပါတယ်။ ကျွန်းစုမြို့နယ်မှ ရွှေရတီ သက်ကြီး နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာသို့ ရောက်ရှိနေသူ အသက် ၇၀ အရွယ် ဦးခင်ဝင်းက “အဘိုးကတော့ ဒီဂေဟာကို ပထမဆုံး အနေနဲ့ အရင် လာရောက် လေ့လာကြည့်တယ်။ ဘိုးဘွားတွေကို ဘယ်လိုမျိုး စောင့်ရှောက်ပေးမယ်ဆိုတာ နားမလည်ဘူးလေ။ ရွာမှာနေစဉ်က ဖြစ်သလိုမျိုး နေထိုင်လာတော့ အခုလိုမျိုး ဂေဟာမှာ နေထိုင်ပုံ နေထိုင်နည်းတွေ သိလာရတော့ နေရတာလည်း အရမ်းပျော်လာတယ်။ ဒီအတွက် ကြောင့် အပတ်တိုင်းလာဖို့ စိတ်ဆုံးဖြတ် လိုက်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။ ဇော်ဇော် (မြိတ်)
4 years Ago
Up