စေလွှတ်

October 8, 2017

ဆီးရီးယားနယ်စပ်ကို တူရကီက တပ်ကူများ စေလွှတ်

တူရကီ စစ်တပ်ဟာ နိုင်ငံတောင်ပိုင်းက ဆီးရီးယားနဲ့ နယ်စပ်ကို တပ်ကူတွေ စေလွှတ်လိုက်ပါတယ်။ ဆီးရီးယားနိုင်ငံ အိဒလစ်ဘ်မြို့မှာ အရေးပေါ် စစ်ဆင်ရေး စတင်နေပြီမို့ အဲဒီဒေသဆီကို သံချပ်ကာ ကားတွေနဲ့ တင့်ကားတွေကို စေလွှတ်လိုက်တာလို့ သမ္မတ တေယစ် အာဒိုဂံက အောက်တိုဘာ ၇ ရက်နေ့မှာ ပြောပါတယ်။ တင့်ကား ၁၂ စီးနဲ့ မြေတူးစက် ၂ စီးကို တင်ဆောင်ထားတဲ့ ကားအနည်းဆုံး ၁၂ စီးပါတဲ့ ယာဉ်တန်းဟာ ဆီးရီးယားရဲ့ ဘဘ်အယ်လ်ဟာဝါ နယ်စပ်တံခါးကို ဖြတ်သန်းပြီး ကျီလ်ဗေကိုဇူ တောင်ကြားလမ်းကို ဦးတည်ခဲ့တယ်လို့ တူရကီမီဒီယာမှာ ဖော်ပြပါတယ်။ ဒီယာဉ်တန်း နောက်ဆုံး ဘယ်နေရာမှာ ရပ်နားမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အိဒလစ်မြို့နဲ့ ဆီးရီးယား အနောက်မြောက်ပိုင်းက ပတ်ဝန်းကျင်ဒေသတွေဟာ ဆီးရီးယား သမ္မတ ဘတ်ရှား အယ်လ် အာဆတ်ကို တိုက်နေတဲ့ သူပုန်အုပ်စုတွေအတွက် အကြီးဆုံး ခံတပ်တွေထဲမှာ ပါဝင်နေပါတယ်။ ဒါပေမယ့် သူပုန်တွေကြားက အကွဲအပြဲတွေအောက်မှာ နယ်မြေကျဆုံးမှု ပိုတိုးနေပါတယ်။ တူရကီ အစိုးရဟာ ယူဖရေးတီးစ် ဒိုင်းလှုပ်ရှားမှုအတွင်း လွတ်လပ်တဲ့ ဆီးရီးယား စစ်တပ် (FSA) ကို ကျောထောက်နောက်ခံ ပေးနေတာပါ။
4 years Ago

April 9, 2017

အမေရိကန် တိုက်ခိုက်ရေးရေယာဉ်အုပ်စု ကိုရီးယားကျွန်းဆွယ်ကို စေလွှတ် (ရုပ်သံ)

မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည်စမ်းသပ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ရေး ရေယာဉ်အုပ်တအုပ်ကို ကိုရီးယားကျွန်းဆွယ်ကို စေလွှတ်လိုက်ပါတယ်။ ကာလ်ဗင်ဆင် တိုက်ရေ ယာဉ်အုပ်မှာ လေယာဉ်တင်သင်္ဘောတစီးနဲ့ တိုက်ရေယာဉ်တွေပါဝင်ပြီး ပစိဖိတ်အနောက်ပိုင်းဒေသ တပ်လှန့်တဲ့ အနေနဲ့ စေလွှတ်ခဲ့တာလို့ အမေရိကန်စစ်တပ် ပစိဖိတ်ဒေသစစ်ဌာနချုပ်က ပြောဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း မြောက်ကိုရီးယားနျူးကလီးယားခြိမ်းခြောက်မှုကို အမေရိကန်တနိုင်ငံတည်းနဲ့ ကိုင်တွယ်ထိန်းချုပ် သွားမယ်လို့ ပြောဆိုထားတာပါ။ မြောက်ကိုရီးယားနိုင်ငံဟာ သူ့ရဲ့ စည်းမဲ့ကမ်းမဲ့၊ တာဝန်ခံတာဝန်ယူမှုလည်း မရှိတဲ့ ဒုံးကျည်ပစ်လွှတ်မှု၊ နျူကလီးယားစမ်းသပ်မှုအစီအစဉ်တွေကြောင့် ဒီဒေသတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းခြိမ်းခြောက်မှုဖြစ်တယ်လို့ ပစိဖိတ်ဒေသစစ်ဌာနချုပ်ပြောခွင့်ရက ပြောဆိုပါတယ်။ ဒီတိုက်ရေယာဉ်အုပ်မှာ ကာလ်ဗင်ဆင် လေယာဉ်တင်သင်္ဘောတစင်း၊ ပဲ့ထိန်းဒုံး ပစ်ခွင်းရေးရေယာဉ် ၂ စင်းနဲ့ ပဲ့ထိန်းဒုံးရေယာဉ် ၁ စင်းပါဝင်ပါတယ်။ ဒီစစ်ရေယာဉ်အုပ်ဟာ သြစတြေးလျနိုင်ငံမှာ စခန်းချဖို့ ဖြစ်ပေမယ့် စင်ကာပူကနေတဆင့် ပစိဖိတ်အနောက်ပိုင်းဒေသတွေ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။
4 years Ago
Up