ငွေကြေးဖောင်းပွမှု

April 6, 2019

ပါကစ္စတန်တွင် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးရောက်

ပါကစ္စတန်နိုင်ငံမှာ ၅ နှစ်ကျော် ကာလအတွင်း ငွေကြေးဖောင်းပွမှု အမြင့်ဆုံး အခြေအနေကို ရောက်နေပြီး နိုင်ငံသားတွေဟာ  သူတို့တင်မြှောက်ထားတဲ့ အစိုးရအပေါ်မှာ ယုံကြည်မှု ပျက်ပြားလာလို့ ဆန္ဒပြနေကြပါတယ်။ ၀န်ကြီးချုပ် အမ်မရမ်ခန်း ဦးဆောင်တဲ့ ပါကစ္စတန်အစိုးဟာ မဲဆွယ်စဉ်ကာလက ဆင်းရဲမှု တိုက်ဖျက်မယ်၊ အလုပ်အကိုင်တွေ ဖန်တီးပေးမယ်၊ အေးချမ်းသာယာဝပြောတဲ့ အစ္စလာမ္မစ် နိုင်ငံထူထောင်မယ်ဆိုတဲ့ ကတိက၀တ်တွေနဲ့ မနှစ်တုန်းက အာဏာရခဲ့ပါတယ်။ တကယ့်လက်တွေ့မှာတော့ ပါကစ္စတန်ပြည်သူတွေဟာ ငွေကြေးဖောင်းပွမှုဒဏ်ကို လူးလိမ့်အောင်ခံနေရပြီး မခံမရပ်နိုင်သူတချို့ကတော့ လမ်းပေါ်ထွက်ပြီး ဆိုင်းဘုတ်ကိုင် ဆန္ဒပြနေကြပါတယ်။ “ဒီအစိုးရကတော့ ငါတို့အတွက် တခုခု လုပ်ပေးတော့မှာပဲဆိုပြီး ကျနော်တို့ အများကြီး မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် သူတို့လည်း အရင်အစိုးရတွေအတိုင်း  လမ်းဟောင်းကြီးလိုက်ပြီး ပြည်သူတွေ ချွတ်ခြုံကျအောင် လုပ်တာပဲ။ ဒီလိုသာ ဓာတ်ဆီဈေး တက်နေရင် ကျနော်တို့ လုံးပါးပါးမှာပဲ။ ဘာလို့လဲဆိုတော့ ဆီဈေးတက်ရင် တခြား ကုန်ဈေးနှုန်းတွေလည်း လိုက်တက်မှာပဲလေ” လို့ ကရာချိဒေသခံ မိုဟာမက် ဆစ်ဒီက ပြောပါတယ်။ စားသုံးသူ အများစုအတွက် ထိရှလွယ်ဆုံး အရာနှစ်ခုဖြစ်တဲ့ အစားအစာနဲ့ စွမ်းအင်ကဏ္ဍမှာ ဈေးနှုန်းကြီးမြင့်တာနဲ့အတူ မတ်လက ငွေကြေးဖောင်းပွနှုန်းဟာ ၉ ဒသမ ၄ ရာခိုင်နှုန်း ကျော်လွန်ခဲ့ပြီး ၂၀၁၃ ခု နိုဝင်ဘာနောက်ပိုင်း အမြင့်ဆုံးရောက်ခဲ့ပါတယ်။ “ငွေကြေးဖောင်းပွတဲ့ အလားအလာက ဒီစွမ်းအင်ဈေးနှုန်းတွေကို အစိုးရက ဘယ်လောက်အတိုင်းအတာအထိ ချိန်ညှိမလဲဆိုတဲ့ အပေါ်မှာ မူတည်ပါလိမ့်မယ်။ ဒီကွာဟချက်ကို ပိတ်ဆို့ဖို့ လိုတဲ့အတိုင်းအတာအထိ သူတို့က တင်းပြည့်ကျပ်ပြည့် လုပ်မယ်ဆိုရင် လအနည်းငယ်အတွင်း ကျန်ဈေးနှုန်း တက်တာဟာ ၁၀ ရာခိုင်နှုန်း နဲ့ ၉၉ ရာခိုင်နှုန်းအကြား ရှိပါလိမ့်မယ်။  တခြားနည်းလမ်းတခုကတော့ အစိုးရအနေနဲ့ ရေခွန်၊ မီးခွန်လို အခွန်အခတွေကို ဖြည်းဖြည်းချင်း တိုးသွားဖို့ပဲ ဖြစ်ပါတယ်။ အဲဒါဆိုရင် ဂဏန်းနှစ်လုံး ငွေကြေးဖောင်းပွတာကို ကျနော်တို့ မြင်တွေ့ရမှာပါ” လို့ စီးပွားရေးပညာရှင် ဆာအက် ဟက်ရှ်မီကပြောပါတယ်။ စီးပွားရေး ပညာရှင်တွေကတော့ ပါကစ္စတန်အနေနဲ့ အသုံးစရိတ် လျှော့ချပြီး ဈေးနှုန်းတွေ တိုးမြှင့်တာကလွဲလို့ တခြားနည်းလမ်း မရှိဘူးလို့ ယုံကြည်ပေမယ့် စားသုံးသူတွေရဲ့ သည်းခံနိုင်စွမ်းကတော့ ကုန်ခမ်းလာပြီ ဖြစ်ပါတယ်။ “အမ်မရမ်ခန်းက အလုပ်အကိုင်တွေ ဖန်တီးပေးမယ်၊ ဆင်းရဲမှု တိုက်ဖျက်ပေးမယ် ဘာမယ် ညာမယ်ဆိုပြီး အကြီးကြီးတွေ ပြောထားတယ်။ ဒါပေမယ့် သူက ဆင်းရဲမှု တိုက်ဖျက်နေတာ မဟုတ်ဘူး။ ဆင်းရဲသားတွေကို တိုက်ဖျက်နေတာ” လို့ တက္ကစီဒရိုင်ဘာ ယာဆာ ဆူလ်တန်က ပြောခဲ့ပါတယ်။ ဧပြီ ၁ ရက်နေ့မှာ အာဏာပိုင်တွေဟာ ဓာတ်ဆီဈေး ၁ လီတာကို ၆ ရူပီးကနေ ၁၀၀ ရူပီးနီးပါး ဈေးမြှင့်လိုက်တဲ့အတွက် တနေ့ကို လုပ်ခ ရူပီး  ၁၀၀၀ နဲ့ ၁၃၀၀ ကြားရတဲ့ ကျွမ်းကျင် လုပ်သားတွေနဲ့ ရူပီး ၆၀၀ နဲ့ ၈၀၀ အကြား ရတဲ့ လက်လုပ်လက်စားတွေအတွက် အခက်အခဲတွေ ကြုံတွေ့နေရတာပါ။
3 years Ago
Up