ငွေကြေးတန်ဖိုး

August 6, 2018

ငွေကြေးတန်ဖိုး အလွန်အမင်း ကျဆင်းသည့်အတွက် အီရန်နိုင်ငံသားများ ဆန္ဒပြ

ရာနဲ့ချီတဲ့ အီရန်နိုင်ငံသားတွေဟာ နိုင်ငံသုံးငွေကြေး ရီယယ်တန်ဖိုး အလွန်အမင်း ကျဆင်းနေတဲ့အတွက် မြို့တော် တီဟီရန် အပါအဝင် တခြားမြို့ကြီးတွေမှာ ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြပွဲတွေဟာ နိုင်ငံအလယ်ပိုင်းက အစ်ဖာဟန်နဲ့ တီဟီရန်ဆင်ခြေဖုံးက ခါရာ့ဂ်ျ မြို့တွေမှာပါ ဖြစ်ပွားနေတာပါ။ ဆန္ဒပြသူတွေဟာ သြဂုတ် ၄ ရက်နေ့မှာ တီဟီရန်မြို့ အနောက်ပိုင်းက ရှီးယိုက်ကျမ်းစာသင်ကျောင်း တကျောင်းကို တိုက်ခိုက်ခဲ့တယ်လို့ အီရန်သတင်းအေဂျင်စီတွေနဲ့ အင်တာနက် လူမှုကွန်ရက်က အချက်အလက်တွေအရ သိရပါတယ်။ အမေရိကန်က အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လုပ်မယ်လို့ ကြေညာထားတဲ့အတွက် ရီယယ်တန်ဖိုး အကြီးအကျယ် ကျဆင်းနေတာလည်း ဖြစ်ပါတယ်။ သြဂုတ် ၄ ရက်နေ့အထိဆိုရင် ဆန္ဒပြနေတာ ၄ ရက်ကြာပြီ ဖြစ်ပါတယ်။ အီရန်နိုင်ငံမှာ ဆန္ဒပြမှု အများစုဟာ နေထိုင်မှုစရိတ် ကြီးမြင့်တာနဲ့ ဘဏ္ဍာရေး အဂတိလိုက်စားမှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ စတင်တာဖြစ်ပေမယ့် နောက်ပိုင်းမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပုံစံ ပြောင်းလဲသွားတယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up