ငွေကြေးခဝါချမှု

July 5, 2019

မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ မယားပါသားကို ငွေကြေးခဝါချမှုဖြင့် စွဲချက်တင်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ဇနီးဘက်ကပါလာတဲ့သား ရစ်ဇာ အဇစ်ကို ဇူလိုင် ၅ ရက်နေ့က ငွေကြေးခဝါချမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ ရစ်ဇာ အဇစ်ဟာ အော်စကာဆန်ကာတင် "The Wolf of Wall Street" ရုပ်ရှင် ထုတ်လုပ်သူတယောက်ဖြစ်ပြီး သူဟာ 1MDB လို့ခေါ်တဲ့ မလေးရှားနိုင်ငံ ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ ဆက်စပ်နေတဲ့ အမေရိကန်ဒေါ်လာ ၂၄၈ သန်းကို မလျော်မကန် သုံးခဲ့တယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ ရစ်ဇာဟာ ငွေကြေးခဝါချမှု ၅ မှုနဲ့ စွဲချက်တင်ခံရပြီး အမေရိကန်အစိုးရ ရှေ့နေတွေက သူပူးတွဲတည်ထောင်တဲ့ Red Granite ရုပ်ရှင်ထုတ်လုပ်ရေးဟာ 1MDB ကနေ ခိုးလာတယ်လို့ သံသယရှိတဲ့ ရန်ပုံငွေကို သုံးပြီး ရုပ်ရှင် ၃ ကား ထုတ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ရစ်ဇာကတော့ သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးမှာ အပြစ်မရှိဘူးလို့ လျှောက်လဲခဲ့ပါတယ်။ အဲဒီစွဲချက်တခုစီရဲ့ ငွေဒဏ်ဟာ မလေးရှားရင်းဂစ် ၅ သန်းအထိနဲ့ အများဆုံး ထောင်ဒဏ်ကတော့ ၅ နှစ်ဖြစ်ပြီး ပြစ်ဒဏ်နှ်စ်ခုစလုံး ကျခံရနိုင်ပါတယ်။ မလေးရှားတရားရုံးက ရစ်ဇာကို ရင်းဂစ်တသန်းနဲ့ အာမခံခွင့်ပြုခဲ့ပြီး သူ့ရဲ့ နိုင်ငံကူးလက်မှတ်တွေ ပေးအပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
2 years Ago

September 19, 2018

ငွေကြေးခဝါချမှု စွဲချက်ဖြင့် အာဂျင်တီးနားသမ္မတဟောင်း ဖာနန်ဒက်ဇ် အမှုရင်ဆိုင်

အာဂျင်တီးနားသမ္မတတဟောင်း ခရစ္စတီနာ ဖာနန်ဒက်ဇ်ဟာ ငွေကြေးခဝါချမှု၊ ရာဇဝတ်အဖွဲ့တွေနဲ့ ဆက်နွှယ်မှု စွပ်စွဲချက်တွေအတွက် စက်တင်ဘာ ၁၈ ရက်က တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရပါတယ်။ အခုစွပ်စွဲချက်တွေဟာ ဖာနန်ဒက်ဇ် အုပ်ချုပ်တဲ့ ဟိုတယ်တွေနဲ့ ဆက်နွှယ်ပြီး တရားစွဲဆိုမှုတွေမှာ သူ့သားသမီးတွေ၊ သူနဲ့အတူ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင်တွေ ပါဝင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဖာနန်ဒက်ဇ်ရဲ့ တရားရုံးထွက်ဆိုချက်မှာတော့ အာဏာပိုင်တွေဟာ သူ့ရဲ့လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေပေမယ့် သူ့အနေနဲ့ တရားမဝင် ငွေကြေးရယူခဲ့တာမျိုး မရှိလို့ ဆက်ပြီး စောင့်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ဖာနန်ဒက်ဇ်ဟာ အစိုးရအဖွဲ့မှာ တာဝန်ယူချိန်တုန်းက လုပ်ငန်းလုပ်ကိုင်ခွင့် ရလိုတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေထံကနေ လာဘ်ယူခဲ့တယ်လို့ စွဲချက်တင်ခံထားရပါတယ်။ လက်ရှိမှာ အထက်လွှတ်တော်အမတ်တယောက်ဖြစ်တဲ့ ဖာနန်ဒက်ဇ်ဟာ လွှတ်တော်အမတ်တဦး ရရှိတဲ့ အကာအကွယ်ကြောင့် ဖမ်းဆီးမခံရပေမယ့် တရားစွဲဆိုမှုတော့ ခံနေရပါတယ်။
3 years Ago
Up