ငွေလိမ်ထုတ်မှု

April 6, 2018

နေပြည်တော် ဧရာဝတီဘဏ်ခွဲများတွင်လက်မှတ်အတုဖြင့် ငွေလိမ်ထုတ်မှု ဖြစ်ပွား

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်နဲ့ ပုဗ္ဗသီရိမြို့နယ်တို့ရှိ ဧရာဝတီဘဏ်ခွဲတွေကနေ ငွေကျပ် သိန်း ၁၂၀ လိမ်လည်ထုတ်ယူမှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဘဏ်ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ကျော်စိုးဝင်း ဆိုသူက ဘဏ်မှာ ငွေစုထားတဲ့ ဒေါ်ကြွယ်ကြွယ်ဝင်းရဲ့ လက်မှတ်အတုတွေထိုးပြီး လိမ်လည်ထုတ်ယူခဲ့တာ ဖြစ်ပါတယ်။ ဧပြီလ ၃ ရက်မှာ  ဒေါ်ကြွယ်ကြွယ်ဝင်းဟာ ဒက္ခိဏသီရိမြို့နယ် နေပြည်တော်(ဧရာဝတီ) Capital Mini ဘဏ်ခွဲကိုသွားပြီး  ငွေသွင်းခဲ့ရာမှာ သူ့နာမည်နဲ့ ပျဉ်းမနားမြို့ ဧရာဝတီဘဏ်ခွဲမှာ ဖွင့်လှစ်စုထားတဲ့ ငွေ ၁၂,၀၀၀,၀၀၀ ကျပ်ကို  ၆ ကြိမ်ခွဲပြီး ထုတ်ယူသွားတာကို သိရှိခဲ့ရတာပါ။ ဘဏ်တာဝန်ရှိသူတွေက ဒေါ်ကြွယ်ကြွယ်ဝင်းရဲ့ ငွေထုတ် ပုံစံတွေကို စစ်ဆေးခဲ့ရာမှာ ဘဏ်ကြီးကြပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ကျော်စိုးဝင်းဆိုသူက ဒေါ်ကြွယ်ကြွယ်ဝင်းရဲ့  လက်မှတ်အတုတွေ ရေးထိုးပြီး ၂၀၁၇ အောက်တိုဘာ ၂၃ ရက်မှာ ငွေကျပ် ၁၀ သိန်း၊ အောက်တိုဘာ ၃၀ ရက်မှာ ငွေကျပ် ၁၀ သိန်း၊ နိုဝင်ဘာ ၁ ရက်မှာ ငွေကျပ် သိန်း ၂၀စုစုပေါင်း ငွေကျပ် သိန်း ၄၀ လိမ်လည်ထုတ်ယူသွားကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်။ အလားတူ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်(ဧရာဝတီ)ဘဏ်ခွဲ (၃)မှာလည်း ဒေါ်ကြွယ်ကြွယ်ဝင်းရဲ့ လက်မှတ်အတုတွေရေးထိုးပြီး ၂၀၁၇ သြဂုတ် ၁၄ ရက်မှာ ငွေကျပ် သိန်း ၂၀ ၊ အောက်တိုဘာ ၂ ရက်မှာ ငွေကျပ် ၅၀ သိန်း၊ နိုဝင်ဘာ ၁၅ ရက်မှာ ငွေကျပ် ၁၀ သိန်း၊ စုစုပေါင်း ငွေကျပ် ၈၀ သိန်းကို ကျော်စိုးဝင်းက လိမ်လည်ထုတ်ယူသွားကြောင်း ထပ်မံ တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ငွေလိမ်ထုတ်တာနဲ့ပတ်သက်လို့ ဧရာဝတီဘဏ်လီမိတက်၊ ဘဏ်မန်နေဂျာ ဦးအေးမင်းအောင်က ထုံးဖိုမြို့မရဲစခန်းမှာ ဧပြီ ၅ ရက်က တိုင်တန်းထားပြီး ကျော်စိုးဝင်း(ဖမ်းမမိ)ကို  ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈(လိမ်လည်မှု၊ စာရွက်စာတမ်းအတု ပြုလုပ်မှု)တို့နဲ့ အမှုဖွင့် စုံစမ်းနေပါတယ်။
3 years Ago
Up