ငွေပို့နေစဉ် ထိုင်းရဲအစစ် ရောက်လာ

December 8, 2017

ထိုင်းရဲအတုက ငွေညှစ်လို့ ငွေပို့နေစဉ် ထိုင်းရဲအစစ် ရောက်လာ

ထိုင်းနိုင်ငံမြောက်ပိုင်း လမ်းပန်းခရိုင်ထဲမှာ ထိုင်းရဲယောင်ဆောင်ပြီး ငွေညှစ်နေတာကို မသိလို့ ဘဏ်မှ ငွေလွှဲပေးနေစဉ် ထိုင်းရဲအစစ် ရောက်လာတဲ့အတွက် အဆိုပါ ငွေလိမ်ဂိုဏ်း အမှုဖွင့်ခံရတယ်လို့  ဒီဇင်ဘာ ၅ ရက်နေ့စွဲနဲ့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ လမ်းပန်းမြို့မှာ နေထိုင်သူ နန်းဆောဝ်အေ ( အသက် ၂၈ နှစ်ဟာ) ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ က နေအိမ်မှာ ရှိနေစဉ် ချင်းရိုင်းခရိုင်ရာဇ၀တ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲအုပ်ကြီး အနန် ခမ်းမီး လို့ ဆိုတဲ့ သူတဦးက ဖုန်းဆက်လာပြီး သူမလိပ်စာနဲ့ပို့လိုက်တဲ့ ပါဆယ်တစ်ထုတ် ချင်းရိုင်း စာတိုက်ကို ရောက်လာခဲ့ကြောင်း၊ တာဝန်ရှိသူတွေက အထုပ်ကို မသင်္ကာလို့ဖွင့်ကြည့်ရာ မူးယစ်ဆေးဝါးတွေတွေ့လို့ ချင်းရိုင်းရဲစခန်းက သူမကို ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် အဆိုပါ ဝရမ်းစာကို ပို့ပေးဖို့ LINE ID တောင်းခဲ့တယ်လို့  ဆိုပါတယ်။ နန်းဆောဝ်အေလည်း LINE မှတဆင့် ဝရမ်းစာဖတ်ရတဲ့အခါ အင်မတန် ထိတ်လန့်သွားပြီး မူးယစ်ဆေးဝါးနဲ့ တခါမှ မပတ်သက်ဖူးဘူးလို့ ပြန်ငြင်းဆိုခဲ့ကြောင်း၊ သူမကိုယ်တိုင် ချင်းရိုင်းကိုလာပြီး ဖြေရှင်းမယ်လို့ ပြောဆိုရာမှာ ရဲအုပ်ဆိုသူက သူမကို သိပ်စိတ်မပူဖို့၊ သူ့ကို ကူညီပေးနိုင်မယ့် နည်းလမ်းရှိကြောင်း၊ သူ့အထက်အရာရှိနဲ့ ပြေလည်အောင်ညှိနှိုင်းရင် ဖမ်းဝရမ်းကို ဆိုင်းငံ့ထားပေးနိုင်ကြောင်း ပြောဆိုပြီး ရဲမှူးအဆင့် အမျိုးသမီးတယောက်နဲ့ ဖုန်းချိတ်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ရဲမှူးဆိုသူ အမျိုးသမီးက သူမကို အဖမ်းမခံရအောင် ကူညီပေးမှာဖြစ်ကြောင်း၊ ဘဏ်စာရင်း စစ်ဆေး ခွင့်တောင်းပြီး သူမ ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ဖို့ ဘဏ်အေတီ အမ်ကတ်ယူပီး အနီးဆုံး အေတီအမ်စက်ဆီသွားဖို့ တိုက်တွန်းလိုက်ပါတယ်။ သူမလည်း ထူပူကြောက်ရွံ့နေတာကြောင့် အေတီအမ်စက်တလုံးဆီ သွားပြီး ဖုန်းကနေ ညွှန်ကြားလာတဲ့အတိုင်း လိုက်နှိပ်ခဲ့ကြောင်း၊ စက်မှာ အင်္ဂလိပ်စာလုံးတွေ ပေါ်လာပြီး သူမကို အမှတ်စဉ် 1 - 2 - 3 အတိုင်း တဆင့်စီနှိပ်ခိုင်းရာမှာ သူမ ပိုင်ဆိုင်တဲ့ငွေ ဘတ်တစ်သိန်းကျော် ပေါ်လာပြီး ရဲကပြောတဲ့ ဘဏ်စာရင်းစစ်ဆေးမှု နံပါတ်ကို လွှဲပြောင်းရန်ပြုစဉ် အခြား ရဲအရာရှိတဦးကလည်း အဲဒီနားမှာ ငွေထုတ်ဖို့ ရောက်လာကြောင်း၊ သူမလည်း အဲဒီရဲအရာရှိကို ဖြစ်စဉ် ပြောပြရာမှာ အဆိုပါရဲ အရာရှိက ခုတလော ကော်လ်စင်တာကနေ ငွေလိမ်မှုတွေ ဖြစ်နေလို့ သူမ နှိပ်နေတဲ့ အေတီအမ်လုပ်ငန်းစဉ်အကုန် ပြန်ရုပ်သိမ်းဖို့ ပြောခဲ့ပါတယ်။ သူမလည်း စစ်ဆေးရေး ဘဏ်အကောင့်ကိုတော့ မှားနှိပ်မိကြောင်း ပြောရာမှာ ရဲအစစ်က  လွှဲမိတဲ့ ငွေစာရင်းပြန်စစ်ခိုင်းတော့ ကံအားလျော်စာ ၁ ဒဿမ ၁၁ ဆိုတဲ့ဂဏန်းထိသာ နှိပ်မိ တာမို့ ငွေတဘတ်ကျော်သာ ဆုံးရှုံးခဲ့ပါတယ်။ အဆိုပါ ရဲအစစ်က သူမကို ရဲစခန်းမှာသွားပြီး တိုင်ချက်ဖွင့်စေခဲ့ကြောင်း၊ ရဲစခန်းက ဖမ်းဝရမ်းစာကို စစ်ဆေးရာမှာ အတုဖြစ်ကြောင်းတွေ့ရပြီး သူမထံ ဆက်သွယ်လာတဲ့ ဖုန်းနံပါတ် အချက်အလက်တွေ ယူကာ ငွေလိမ်ဂိုဏ်းကို စုံစမ်းဖော်ထုတ် အရေးယူသွားမယ်လို့ ပြောသွားပါတယ်။
3 years Ago
Up