ငွေကျပ် ၁၆

April 22, 2018

ငွေကျပ် ၁၆,၂၇၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ လွိုင်လင်တွင် ဖမ်းမိ

  ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၁၆,၂၇၅ သိန်းတန်ဖိုးရှိ ဘိန်းညိုမှုန့်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဧပြီ ၂၀ ရက်နေ့ ၁၁ နာရီခွဲလောက်က မူးယစ်တပ်ဖွဲ့စု ၂၇ လွိုင်လင်မှ တပ်ဖွဲ့ဝင်တွေနဲ့အတူ ပူးပေါင်းအဖွဲ့ဟာ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့အထွက် ပင်လုံ-လဲချားသွားကားလမ်း၊ မိုင်တိုင် အမှတ် (၁၂)အနီးမှာ မူးယစ်ဆေးဝါးသတင်းအရ စိုင်းအောင်မျိုးအေး(ခ)အောင်ကြီး မောင်းနှင်ပြီး လောက်အန်း(ခ) ရန်ရုံအန်း လိုက်ပါလာတဲ့ CANTER မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်ခေါင်မိုး အံဝှက်အတွင်းမှ ပလတ်စတစ်အိတ်တွေနဲ့ထည့်ထားတဲ့ ဘိန်းညိုမှုန့်အထုပ် ၁၀၉ ထုပ် (ဘိန်းညိုမှုန့် အလေးချိန်၁၀၈ ဒ ၅ ကီလို) သိမ်းဆည်းရမိခဲ့တာပါ။ ကွင်းဆက်ဖော်ထုတ်ချက်အရ ညနေ ၅ နာရီခွဲလောက်မှာ မူးယစ်တပ်ဖွဲ့စု (၁၈) မန္တလေး(တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မန္တလေးမြို့၊ စက်မှုဇုန် ၁ ရှိ ဘော်ဒီရုံမှာ မူးယစ်ဆေးဝါးသယ်ဆောင်ဖို့အတွက် ဖရိန်အံဝှက်ပြုလုပ်ဖို့ ထပ်မံ အပ်နှံထားတဲ့ ဒိုင်နာကားကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။ စိုင်းအောင်မျိုးအေး (ခ) အောင်ကြီး (၃၀) နှစ် နှင့် လောက်အန်း(ခ) ရန်ရုံအန်း (၂၂) နှစ် တို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား တယ်လို့ သိရပါတယ်။
3 years Ago
Up