ဂျေရုဆလင်ကြေညာချက် ပြန်ရုပ်သိမ်းရေး ကုလဆုံးဖြတ်ချက် အမေရိကန် ဗီတိုအာဏာသုံး ပယ်ချ

December 19, 2017

ဂျေရုဆလင်ကြေညာချက် ပြန်ရုပ်သိမ်းရေး ကုလဆုံးဖြတ်ချက် အမေရိကန် ဗီတိုအာဏာသုံး ပယ်ချ

သမ္မတ ထရမ့်ရဲ့ ဂျေရုဆလင် ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ မဲခွဲဆုံးဖြတ်တဲ့  ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၅ နိုင်ငံ ရှိတဲ့အနက် ၁၄ နိုင်ငံက ထရမ့်ရဲ့ ကြေညာချက်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ ထောက်ခံခဲ့ပါတယ်။ အဲဒီ ပြန်လည်ရုပ်သိမ်းရေး ဆုံးဖြတ်ချက်မူကြမ်းကို အီဂျစ်နိုင်ငံက ရေးဆွဲခဲ့ပြီး ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံး ပယ်ချလိုက်တာပါ။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေက “ဒီ ဗီတိုအာဏာ အသုံးပြုတာဟာ အမေရိကန်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်တာပါ။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမေရိကန်ရဲ့ အခန်းကဏ္ဍကို ကာကွယ်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။ “ကျမတို့သံရုံး ရုံးစိုက်မယ့်နေရာကို ဘယ်နိုင်ငံမှ လာပြောလို့ မရပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး အလားအလာတွေကို ထိခိုက်စေတဲ့ ကုလသမဂ္ဂရဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။ ထိတ်လန့်ဖွယ် စွပ်စွဲချက်ဖြစ်ပါတယ်။ အခု မဲခွဲဆုံးဖြတ်တာဟာ စော်ကားမှုတခုပါပဲ။ ကုလသမဂ္ဂရဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းရာမှာ အကျိုးထက် အဆိုးကို ပိုမိုဖြစ်စေတဲ့ နောက်ထပ်ဥပမာတခုပဲ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ကျမတို့ရဲ့သံရုံးကို ရုံးစိုက်မယ့်နေရာ ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံဟာ မိမိရဲ့ အချုပ်အခြာအာဏာကို ကာကွယ်လိုက်ရပြီ” လို့ သံအမတ်ကြီး နစ်ကီဟာလေက လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။ လုံခြုံရေးကောင်စီမှာ အမေရိကန်နိုင်ငံက အခုလို ဗီတိုအာဏာ အသုံးပြုခြင်းဟာ ၆ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့ နစ်ကီဟာလေက ပြောကြားခဲ့ပါတယ်။
3 years Ago
Up