ဂျေရုဆလင်ကို အစ္စရေး၏မြို့တော် သတ်မှတ်ပါက

December 5, 2017

ဂျေရုဆလင်ကို အစ္စရေး၏မြို့တော် သတ်မှတ်ပါက အစ္စရေး-ပါလက်စတိုင်း ပျက်စီးနိုင်ဟုဆို

ဂျေရုဆလင်ကို အစ္စရေးရဲ့ မြို့တော်အဖြစ် အမေရိကန်က တရားဝင် သတ်မှတ်ကြေညာပါက အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ပူးတွဲတည်ရှိမှုကို ပျက်စီးသွားစေနိုင်တယ်လို့ ဝါရှင်တန်မှာရှိတဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က ဒီဇင်ဘာ ၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဒီဇင်ဘာ ၆ ရက်နေ့ ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် တရားဝင် အသိအမှတ်ပြုဖွယ်ရှိတယ်လို့ အမေရိကန် အစိုးရထိပ်ပိုင်းအရာရှိတဦးက ရိုက်တာသတင်းဌာနကို ပြီးခဲ့တဲ့ သီတင်းပတ်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကြေညာချက်နဲ့ ပတ်သက်ပြီး အပြီးသတ် မဆုံးဖြတ်ရသေးဘူးလို့လည်း ထရမ့်ရဲ့ အကြံပေးလည်းဖြစ်၊ သမက်တော်သူလည်းဖြစ်တဲ့ ဂျရယ်ကတ်ရှ်နာက ပြောကြားထားပါတယ်။ အမေရိကန်ရဲ့ အခုလို ကြေညာချက်ဟာ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကို မီးထိုးပေးသလို ဖြစ်စေနိုင်တယ်လို့ အမေရိကန်ဆိုင်ရာ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်ခေါင်းဆောင် ဟူဆန် ဇွမ်လော့က ပြောပါတယ်။ “အမေရိကန်ဟာ အစ္စရေး-ပါလက်စတိုင်းနှစ်နိုင်ငံ ပူးတွဲတည်ရှိမှုဆိုတဲ့အပေါ် ကျည်တတောင့် ပစ်သွင်းလိုက်တာပါ။ ဒီလုပ်ရပ်ဟာ နှစ်နိုင်ငံ ပူးတွဲတည်ရှိမှုဆိုတာကို ပျက်စီးသွားစေနိုင်ပါတယ်။ ဂျေရုဆလင်ဟာ ပြဿနာရဲ့ အဓိကကျတဲ့ ဒေါက်တိုင်ကြီးပါ။ အမေရိကန်ရဲ့ ဆယ်စုနှစ်များစွာကြာပြီဖြစ်တဲ့ မူဝါဒအရရော၊ နိုင်ငံတကာအသိုင်းအဝိုင်းအရရော၊ အစ္စရေးနဲ့ ပါလက်စတိုင်း အပါအဝင် ဒီကိစ္စနဲ့ ပတ်သက်နေသူတိုင်း သိထားတာက ဂျေရုဆလင်ဟာ ပြဿနာရဲ့ နောက်ဆုံးဖြေရှင်းရမယ့် အရေးကိစ္စဖြစ်တယ်ဆိုပြီး သိထားကြတာပါ။” ယခင် အမေရိကန်သမ္မတအဆက်ဆက်ဟာ ဂျူး၊ မွတ်ဆလင်နဲ့ ခရစ်ယာန်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဂျေရုဆလင်မြို့နဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ဆွေးနွေးညှိနှိုင်းပြီးမှ ဆုံးဖြတ်ရမယ့်ကိစ္စအဖြစ်  အစဉ်ပြောဆိုခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up