ဂျော်ဒန်ရှိ ဒုက္ခသည်စခန်းတခုသို့ အိန်ဂျလီနာဂျိုလီ သွားရောက်အားပေး

January 29, 2018

ဂျော်ဒန်ရှိ ဒုက္ခသည်စခန်းတခုသို့ အိန်ဂျလီနာဂျိုလီ သွားရောက်အားပေး

ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်နဲ့ ကုလသမဂ္ဂ အထူးသံတမန် အိန်ဂျလီနာဂျိုလီဟာ ဇန်နဝါရီ ၂၈ ရက်က ဂျော်ဒန်နိုင်ငံရှိ ဒုက္ခသည်စခန်းတခုကို သွားရောက် အားပေးစကား ပြောကြားခဲ့ပါတယ်။ အန်ဂျလီနာဂျိုလီဟာ သူ့ရဲ့ ကလေးနှစ်ဦးနဲ့အတူ ဂျော်ဒန်နိုင်ငံရှိ ဇက်တာရီ ဒုက္ခသည်စခန်းကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဂျိုလီဟာ အဲဒီဒုက္ခသည်စခန်းမှာ ၅ နှစ်ကြာ နေထိုင်နေတဲ့ ဆီးရီးယားမိသားစုနဲ့ တွေ့ဆုံခဲ့ပါတယ်။ နာဘေးအောက်မန်းဆိုသူ အမျိုသားဟာ ကလေး ၄ ဦးနဲ့အတူ ဒုက္ခသည်စခန်းကို ရောက်ရှိလာခဲ့ပြီး အဲဒီ ဒုက္ခသည်စခန်းမှာပဲ သူ့ရဲ့ဇနီးဖြစ်သူဟာ ၁၃ ရက်သား ကလေးငယ် အပါအဝင် နောက်ထပ် ကလေးနှစ်ဦးကို မွေးဖွားခဲ့ပါတယ်။ နာဘေးက “ကျနော်က ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့ လူတယောက်ပါ။ မိသားစုနဲ့အတူ စိတ်ချလက်ချ နေလို့ရတဲ့နေရာမှာ အခြေချချင်ပါတယ်။ ကျနော့်ကလေးတွေကို ပညာရေးကောင်းစေချင်တယ်။ ကျနော်တို့အတွက် ကျန်းမာရေးစောင့်ရှောက်မှု ရချင်ပါတယ်” လို့ ပြောပါတယ်။ အဲဒီနောက် ဂျိုလီဟာ ဒုက္ခသည်စခန်းရှိ မိန်းကလေးတွေကို UNHCR ရန်ပုံငွေနဲ့ ပညာရေး၊ လူမှုရေး သင်ခန်းစာတွေ သင်ကြားပေးတဲ့ "Tiger Girls" အစီအစဉ်ကိုလည်း လေ့လာခဲ့ပါတယ်။ အဲဒီအစီအစဉ်အရ အသက် ၁၂ နှစ်ကနေ ၁၇ နှစ်အရွယ် မိန်းကလေးတွေကို သင်္ချာ၊ အာရပ်ဘာသာ၊ အင်္ဂလိပ်စာနဲ့ လူမှုရေးဘာသာရပ်တွေကို ဆီးရီးယား စေတနာ့ဝန်ထမ်း ဆရာမတွေက သင်ကြားပေးနေတာ ဖြစ်ပါတယ်။ တခါက လွင်တီးခေါင် ကန္တာရ ဖြစ်ခဲ့တဲ့နေရာမှာ လူဦးရေ ရှစ်သောာင်းငါးထောင်ရှိတဲ့ ဇက်တာရီ ဒုက္ခသည်စခန်းဟာ စည်ကားရာ ဆင်ခြေဖုံးတခုအသွင် ပြောင်းလဲသွားခဲ့ပါတယ်။
4 years Ago
Up