ဂေါက်ကွင်းထဲမှ အဆိပ်ပြင်း အာဖရိကမမ်ဗာမြွေ ၂ ကောင်၏ ထိတ်လန့်ဖွယ်တိုက်ပွဲ

May 24, 2017

ဂေါက်ကွင်းထဲမှ အဆိပ်ပြင်း အာဖရိကမမ်ဗာမြွေ ၂ ကောင်၏ ထိတ်လန့်ဖွယ်တိုက်ပွဲ (ရုပ်သံ)

မမ်ဗာမြွေတွေလို့ ဆိုလိုက်တာနဲ့ အနက်ရောင်၊ ဒါမှမဟုတ် အစိမ်းရောင်ရှိတဲ့ အဆိပ်ပြင်းမြွေတွေကို ပြေးမြင်မိကြမှာပါပဲ။ အာဖရိကဒေသမျိုးရင်းဖြစ်တဲ့ ဒီမြွေတွေဟာ သာမန်အားဖြင့် အလျား ၇ ပေကနေ ၁၀ ပေလောက်ထိ ရှိနိုင်ပြီး တချို့မြွေတွေဟာဆိုရင် ၁၅ ပေနီးပါးထိ ရှည်လျားနိုင်ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မမ်ဗာမြွေ ၂ ကောင်ကြား ပြင်းထန်တဲ့တိုက်ပွဲကို တွေ့မြင်ကြရမှာပါ။ ဒါဟာ တောင်အာဖရိကနိုင်ငံ၊ ကရူဂါအမျိုးသားဥယျာဉ်တွင်းမှ ဂေါက်သီးကစားကွင်းထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး မျက်မြင်တွေ့ရှိသူ ကာရာအမည်ရတဲ့ အမျိုးသမီးတဦးက မှတ်တမ်းတင် ရိုက်ကူးထားခဲ့တာပါ။ “ကျမတို့ ဂေါက်သီးရိုက်နေကြတုန်းမှာ ဒီအဖြစ်အပျက်ကို ရုတ်တရက် သတိထားမိခဲ့ပြီး ရိုက်ယူထားခဲ့တာပါ။ ဒါဟာ မမ်ဗာမြွေတွေဆိုတာ သေချာပါတယ်။ ဒီလိုတိုက်ခိုက်တာမျိုး ငယ်ငယ်တည်းက မမြင်ဖူးခဲ့ဘူးရှင့်။” မြွေ ၂ ကောင်ဟာ ဂေါက်သီးကွင်း မြက်ခင်းစိမ်းစိမ်းပေါ်မှာ တကောင်နဲ့တကောင် ရစ်ပတ်နေခဲ့ကြကာ အကြိတ်အနယ် ရှိနေခဲ့ကြတာကို တွေ့ရပါတယ်။ ပါးပြင်းတွေထောင်ပြီး တကောင်နဲ့တကောင် လုံးထွေးနေကြတဲ့ ဒီမမ်ဗာမြွေ ၂ ကောင်ရဲ့ အနိုင်အရှုံးကိုတော့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရိုက်ယူမထားခဲ့ပါဘူး။
4 years Ago
Up